အပိုင်း - ၆၁ { လျို့ဝှက်အကြံအစည်များ ထုတ်ဖော်ခံရခြင်း }

3K 708 134
                                    

အပိုင်း - ၆၁

{ လျို့ဝှက်အကြံအစည်များ
ထုတ်ဖော်ခံရခြင်း }

ကျင်ချီးမှာ ညနေစောင်းမရောက်မချင်း စံအိမ်သို့ ပြန်မလာခဲ့ပါ။ တောင်ထိပ်စမ်းချောင်းရေလေးနား လဲလျောင်းလိုက်သောအခါ မှေးခနဲအိပ်ပျော်သွားခဲ့လေရာ နိုးထလာသောအခါတွင် စိတ်သက်သာရာရလာခဲ့သညါ။ သို့သော် အိမ်ပြန်သွားရမည်ဟု အမှတ်ရသွားသောအခါ ချက်ချင်းပင် စိတ်ညှိုးငယ်သွားရပြန်သည်။

နန်းမြို့တော်မှာ တကယ်ကိုပင်....လူသားစားနေရာကြီး ဖြစ်ပေသည်။

ထို့နောက် ကျင်ချီးလည်း စီးတော်မြင်းကိုစီးကာ နှေးကွေးစွာ ပြန်လာခဲ့သည်။ ဤနေရာမှ အောင်မြင်စွာ ဆုတ်ခွာသွားနိုင်ရန် မည်သို့မည်ပုံလုပ်ဆောင်သင့်ကြောင်း တွေးတောနေခဲ့၏။

ဟယ့်လျန်ရိဘေးနား ဆက်လက်နေထိုင်သွားမည်ဆိုလျှင် လွန်စွာမှ မိုက်မဲလွန်းရာကျလွန်းသည်။ နှစ်ပေါင်းမည်မျှ ကြာညောင်းခဲ့သော်ငြား၊ သူ့ကိုယ်သူ မည်မျှပင် ထိန်းချုပ်ဟန့်တားထားသော်ငြား၊ မိမိက မိမိသာဖြစ်ကာ ဟယ့်လျန်ရိက ဟယ့်လျန်ရိသာလျှင် ဖြစ်ခဲ့သည်။ ထိုယောက်ျားနှင့် တွေ့ဆုံရသည့်အကြိမ်တိုင်း ကျင်ချီးမှာ ​ရှောင်ပြေးပုန်းကွယ်ချင်ခဲ့ကာ စိတ်ဆင်းရဲခဲ့ရ၏။ ထိုသူနှင့် မတွေ့ဆုံရလျှင်တောင် သူ့စိတ်ထဲတွင် ထိုယောက်ျားက ဆက်ရှိနေကာအမြဲမပြတ် နှိပ်စက်နေခဲ့မြဲပင်ဖြစ်သည်။

အတိတ်နေ့ရက်များတုန်းက မလိုမုန်းထားမှုများလည်း ရှိခဲ့သလို ချစ်ခြင်းတရားများလည်း ရှိခဲ့၏။ အချစ်နှင့်အမုန်း ထိုနှစ်မျိုးလုံးမှာ သူ့ဝိညာဥ်ထက်ဝယ် ထွင်းထုထားခဲ့ပြီးပြီဖြစ်၏။ ယခုတော့ ထိုအ​ရာများကို လွှတ်ချကျော်လွှားနိုင်ခဲ့ပြီဖြစ်ကာ ဘာကိုမှ ထပ်ပြီး အရေးမစိုက်လိုတော့။ သို့သော် သူ့နှလုံးသားထက်ဝယ် သက်ပြင်းမောတစ်ခုက ထာဝရအဖြစ် ကြွင်းကျန်ရစ်နေမည်ဖြစ်၏။ နောက်ဆုတ်ထွက်ပြေးသွားချင်သည့်စိတ်နှင့် ထွက်သွားခွင့်မပြုလိုသောစိတ်မှာ ဒွန်တွဲလွန်ဆွဲနေခဲ့သည်။

အရှင်ခုနစ် Where stories live. Discover now