အပိုင်း - ၇၆
{ နောက်ဆုံးတိုက်ပွဲ ၊ ဇာတ်သိမ်းပိုင်း }
မနက်ဝေလီဝေလင်းအချိန်တွင် နောက်ဆုံးတိုက်ပွဲ ဖြစ်ပွားခဲ့၏။
ကယ်ရှီးဝူးအာလ်မုမှာ ဤအဆင့်ထိ တက်လှမ်းလာခဲ့ပြီဖြစ်သည်။ သူသာ နောက်ဆုတ်လိုက်ပါလျှင် သူ၏မျိုးနွယ်စုကို မည်သို့သော ေဖြာင့်ချက်မျိုးဖြင့် ဝန်ခံထွက်ဆိုနိုင်ပါအံ့နည်း။ တာ့ချင့်သားများက အဖြူရောင်ဝံပုလွေတစ်ကောင်ကို တကယ်ရအောင် ဖမ်းလာနိုင်ခဲ့မည်ဟု သူ လုံးဝမထင်ထားမိ။ ထို့အတူ ထိုတာ့ချင့်သားအနက် ဤသို့သောဗဟုသုတအသေးအဖွဲမျိုးကို ပိုင်ဆိုင်ထားသည့်လူ ရှိနေမည်မှန်း သူ လုံးဝမထင်ထားခဲ့။ ထိုသူက မိမိတို့မျိုးနွယ်စု၏ အကြီးမားဆုံးသော အကြောက်တရားကို အရှိုက်တည့်တည့်မှန်အောင် ပုတ်ခတ်လာနိုင်ခဲ့သည်။
ဤလုပ်ရပ်မှာ စက်ဆုပ်ဖွယ်ကောင်းသည်ထက်ပင် ပိုသည်။ သို့သော် သူ၏အစွမ်းအစကို ထုတ်ဖော်ပြသခွင့် ရလိုက်ပေသည်။
နန်းမြို့တော်သို့ သူ လာမတိုက်မီ လက်ရုံးရည်အပြောင်မြောက်ဆုံးသော တပ်သားအနည်းငယ်ကို ဝမ့်ယွဲ့မြစ်ကြောင်းအတိုင်း ဆန်တက်သွားစေရန် ကယ်ရှီး အမိန့်ပေးလိုက်သည်။ သို့ဆိုလျှင် မည်သူကများ သူတို့အား လိမ်လည်လှည့်ဖြားခဲ့သနည်းဆိုသည်ကို သေချာပေါက် သိနိုင်မည်ဖြစ်၏။
.
.
.ရွှံ့ညွန်များက လူသားတို့၏ အရေပြားပေါ် အလိမ်းလိမ်းပေကျံနေခဲ့သည်။ ကောင်းကင်ပြင်ကလည်း မိုးရေစက်များရွာသွန်းခြင်းဖြင့် ငိုကြွေးလှိုက်ဆွေးနေခဲ့၏။
ရန်သူ၏ဓားသွားက သူမ၏ခေါင်းကိုရွယ်ပြီး ခုတ်ပိုင်းလာခဲ့သည်။ ကျင့်အန်းက စီးတော်မြင်း၏ကျောပေါ် တစ်သားတည်းဖြစ်အောင် အလျားလိုက်လှဲချရင်း ထိုဓားချက်ကို ရှောင်တိမ်းလိုက်၏။ သူမ၏သံလှံတံကိုလည်း မြဲမြံစွာ ဆုပ်ကိုင်လိုက်လို့၊ သူမခါးထက်ရှိ ဓားရှည်မှာမူ မြေပြင်ပေါ်တွင် ကျကျန်ခဲ့လေပြီ။ သူမ၏လက်များမှာ ယောက်ျားသားများလောက် တုတ်ခိုင်သန်မာခြင်း မရှိပါ။ ထို့အပြင် တစ်ဖက်ရန်သူမှ တရစပ်တိုက်ခိုက်လာသော ထိုးစစ်များကြောင့် အတော်လေးပင် ဖိအားများကာ မောပန်းနွမ်းနယ်နေခဲ့ပြီ။ ထိုဓားသွားပေါ်ရှိ သွေးစက်များမှာ မိုးရေများနှင့် ဆေးကြောခံလိုက်ရကာ သူမ၏မေးစေ့ပေါ် စီးကျလာခဲ့၏။ ကျင့်အန်းက အံတင်းတင်းကြိတ်လိုက်ကာ လက်ဆစ်များ ဖြူဖျော့သွားသည့်အထိ သံလှံတံကို တုန်ယင်မြဲမြံစွာ ကိုင်စွဲထားလေ၏။