အပိုင်း - ၅၇
{ တောနက်ထဲရှိ ဘုန်းကြီးကျောင်းပျက် }
ဝူးရှီးမှာ ညနေစာစားရန် ပြင်ဆင်နေဆဲဖြစ်သည်။ ကျင်ချီးက သူ့ဆီ ဤအချိန်ကြီးရောက်ချလာသည်ကို အနည်းငယ် အံ့ဩမိသွား၏။
ကျင်ချီးက ကတိုးကောင်လေးကို အောက်ချပေးလိုက်ကာ ခြံဝန်းထဲတွင် လွတ်လပ်မြူးတူးစွာ ပတ်ပြေးခွင့်ပြုလိုက်သည်။ ထို့နောက် ပွင့်ပွင့်လင်းလင်းသာ ပြောလာခဲ့၏။
"အရက်ထဲထည့်တိုက်ရင် သောက်မယ့်လူမရိပ်မိနိုင်တဲ့ မေ့ဆေးတစ်မျိုးလောက် ပေးပါဦး"
ဝူးရှီးလည်း အနည်းငယ်တော့ အံ့အားသင့်သွား၏။ သို့သော် ဘာမှဆက်မမေးတော့ဘဲ "အရှင့်သားအတွက် သွားယူလာပေးချေ"ဟုသာ နူအားဟားအား မှာကြားလိုက်သည်။
ကျင်ချီး တုံ့ဆိုင်းသွား၏။ ထို့နောက် ရုတ်ချည်းဆိုသလို နူအားဟားအား ရပ်တန့်ရန် ပြောလိုက်သည်။
"ငါ အရင်တစ်ခါ မတော်တဆရှူမိသွားတဲ့ " မူးယစ်ရီဝေ အိပ်မက်မြေ" ဆိုတဲ့ဆေးရော ကျန်နေသေးရဲ့လား"
" အင်း၊ အဲ့ဆေးပဲ သွားယူလာခဲ့"
ဝူးရှီးက ထိုသို့သာအမိန့်ပေးလိုက်သည်။
နူအားဟားက လုံးဝပင် နှေးတိနှေးကန်မလုပ်ရဲတော့ဘဲ ပုလင်းအသေးလေးတစ်ခု သွားယူလာပေးခဲ့၏။ ဝူးရှီးလည်း နူအားဟားလက်ထဲမှ လှမ်းယူလိုက်ကာ ကျင်ချီး၏လက်ထဲ ထည့်ပေးလိုက်ရင်း ဆေးပမာဏ မည်မျှသုံးရန် ပြောပြခဲ့သည်။ ကျင်ချီးလည်း မနည်းအားတင်းပြီး ပြုံးပြလိုက်ကာ ကျေးဇူးတင်စကားဆိုလာသည်။ ထို့နောက် ခဏတဖြုတ်ပင် မထိုင်အားတော့ဘဲ ချက်ချင်းထပြန်သွားခဲ့သည်။
တစ်ခုခုကို ရုတ်ချည်းသတိရသွားသည့်နှယ် ဝူးရှီး ထရပ်လိုက်သည်။ ထို့နောက် ကျင်ချီးနောက်သို့ အမီလိုက်သွားကာ နောက်မှသိုင်းဖက်ထားလိုက်၏။ ထို့နောက် ကျင်ချီး၏ပခုံးအား ညင်သာစွာပုတ်ပေးရင်း နှစ်သိမ့်လာသည်။
္
"စိတ်မပူလိုက်ပါနဲ့၊ ဒါက ဆေးကောင်းတစ်လက်ပါ။ ဒီဆေးသောက်လိုက်တဲ့လူက သူတို့အတောင့်တဆုံးသော အိပ်မက်မျိုးကို မြင်မက်လိမ့်မယ်။ အနည်းဆုံးတော့ အိပ်မက်ထဲမှာ သူတို့ အရမ်းပျော်နေခဲ့လိမ့်မယ်"