အပိုင်း - ၂၆
{ ထုတ်ဖော်တမ်းတခွင့်မရှိသော
လွမ်းဆွတ်ခြင်းများ }ကျောက်စိမ်းပန်းကန်ထက်မှ လွင့်စင်ကျဆင်းလာသော ပုလဲလုံးများအလား၊ မိန်းမပျိုများအလှပန်းထိုးရာအခန်းငယ်ဘက်မှသည် လေးကြိုးတပ်ဗျပ်စောင်းသံတစ်ခုက ငြိမ့်ညောင်းဆွတ်ပျံ့စွာ လွင့်မျောလာ၏။ ထိုသံစဥ်မှာ သီတာရေစင်၏ ကြည်လင်အေးမြမှုမျိုးကိုပါ ဆောင်ကြဥ်းလာလျက်။ ထိုသံစဥ်၏ မူလဇစ်မြစ်ကို မည်သူကမှမသိကြသော်လည်း ကျေးလက်ဒေသတွင် တသွင်သွင်စီးဆင်းလျက်ရှိသော စမ်းချောင်းငယ်လေးပမာ သူတို့၏နှလုံးအိမ်ကမ်းနံဘေးအား နည်းနည်းချင်းစီ တိုက်စားထိတွေ့သွားပေ၏။
အခန်းတံခါးဝတွင် ခေတ္တရပ်ကာ တိတ်ဆိတ်စွာ နားစွင့်လိုက်ပြီးနောက် ၊ နောက်ဆုံးတော့ ကျိုးကျစ်ရှူးလည်း တံခါးကိုဖွင့်လိုက်ကာ အခန်းထဲသို့ လျှောက်လှမ်းလာခဲ့သည်။ လေးကြိုးတပ်ဗျပ်စောင်းသံသည်လည်း ချက်ချင်းဆိုသလို ရပ်တန့်သွား၏၊ သို့သော် ဂီတသံစဥ်မှ ကျန်ရစ်ခဲ့သော အငွေ့အသက်များမှာ အခန်းထဲတွင် ရစ်သိုင်းဝေ့သီနေသေးသယောင်။ လက်ထဲတွင် ဗျပ်စောင်းကိုင်ဆောင်ထားသော မိန်းမပျိုက ထိုင်ရာမှထလိုက်ကာ ဝတ်ရုံလက်စများကို သိမ်းလိုက်ပြီး ကျိုးကျစ်ရှူးအား ဦးညွှတ်နှုတ်ဆက်လာ၏။
"သခင်လေးကျိုး"
ကျိုးကျစ်ရှူးလည်း အြမန်ပင် ခွန်းတုံ့ပြန်လာသည်။
"ကိန်းကြီးခန်းကြီး အရိုအသေပြုစရာမလိုပါဘူး၊ မိန်းမပျိုစူး"
မျက်နှာချေမှုန့်ပါးပါးလေးသာ လိမ်းကျံခြယ်သထားသော သူမ၏ရုပ်သွင်မှာ တင့်တယ်ကျော့ရှင်းနေပေ၏။ သူမ၏မျက်ဝန်းအိမ်ထောင့်စွန်းဝယ် အဖျားသို့ကော့ညွှတ်သွားလေ အရောင်မှေးမှိန်ဖျော့တော့သွားလေဟန် ခြယ်မှုန်းလိမ်းကျံထားသည့် နှင်းဆီနီရောင်အရိပ်လေး ရှိနေ၏။ သူမ၏နားသယ်စပ်နားရှိ ဆံရစ်ဝိုင်းသည်လည်း တိမ်လွှာများနှယ် ကော့ညွှတ်နေကာ ၊ နှင်းပွင့်ပမာ ဖြူဖွေးနေသည့် ပါးပြင်မို့မို့လေးအား ပို၍ပေါ်လွင်ထင်ရှားစေပေ၏။ သီချင်းသီဆိုသောအသံနှင့် ကွဲပြားခြားနားလှစွာ၊ စကားပြောဆိုသောအခါတွင်မူ သူမ၏အသံက တိုးလျနက်ရှိုင်းသည်။ အခြားသောပျိုကညာများ၏ သာယာငြိမ့်ညောင်းပြီး စူးရှသေးငယ်သောအသံမျိုး မဟုတ်ရပါချေ။ နှိုင်းယှဥ်ရပါလျှင်မူ ထူးဆန်းစွာပင် တစ်မျိုးတစ်မည်လေး ညှို့ဓာတ်ပြင်းနေပေသည်။ သူမ၏စကားသံများမှာ ကျိုးကြောင်းဆီလျော်မှုရှိကာ နူးညံ့သိမ်မွေ့၏။ သူမ၏ ကိုယ်ဟန်ယိမ်းနွဲ့မှုကလည်း အစွန်းမရောက်လွန်းဘဲ အချိုးကျစွာ တင့်တယ်လှပေ၏။ အိမ်အပြင်ဘက်သို့ ခြေတစ်ဖဝါးမှ မချရဲသော မျိုးရိုးမြင့်မိသားစုတစ်ခုမှ မမလေးများလို ၊ ရိုးရှင်းလွန်းကာ ပျင်းရိငြီးငွေ့ဖွယ်ကောင်းခြင်းမျိုးလည်းမဟုတ်။ ကာမဂုဏ်တောထဲ မွေ့လျော်ပျော်ပါးရသည့် အပျော်မယ်အိမ်မှ မိန်းမလှများ၏ အလှမျိုးနှင့်လည်း မတူခဲ့ပြန်ချေ။