ZAWGYI
မင်ယော့နဲ့ပြန်တွေ့ပြီးတဲ့နောက်ပိုင်းတွေမှာ ချန်ယောလ်က သိသိသာသာပဲ ဘတ်ခ်ဟျွန်းကို ဖွင့်ပြောဖို့ အချိန်ကောင်းကို စောင့်မျှော်နေခဲ့တယ်။
သူ့စားသောက်ဆိုင်ကို ညဘက်လာတဲ့အချိန်ကတော့ ပုံမှန်ဆန်လွန်းတဲ့အပြင် ပတ်ဝန်းကျင်မှာလည်း ဆိုင်ဝန်ထမ်းတွေ ရှိနေတာမို့ လွတ်လွတ်လပ်လပ်မရှိလှဘူး။
တစ်ခါတလေ တွေ့ဖို့ချိန်းကြတဲ့ တာရိုတို့နဲ့သွားတွေ့ပြီးအပြန်ကျတော့လည်း သူက နည်းနည်းပါးပါးသောက်ထားတာမို့ အမူးစကားဆိုပြီး ကျော်ချပစ်သွားဦးမယ်။
တက္ကသိုလ်မှာတုန်းက တည့်တိုးပြောခဲ့တာတောင် နောက်ပြောင်တယ်ထင်ပြီး ဟားတိုက်ရယ်မောပစ်ခဲ့တဲ့ ဘတ်ခ်ဟျွန်းမဟုတ်လား။
ဒီလိုနဲ့ပဲ ဖွင့်ပြောဖို့ အသင့်တော်ဆုံး စကားလုံးတွေ ရွေးချယ်ရင်း၊ အချိန်ကောင်းကို စောင့်ဆိုင်းရင်း တစ်ရက်ကနေ တစ်ပတ်၊ တစ်ပတ်ကနေ တစ်လဖြစ်လာခဲ့ပြီ။
"ချန်ယောလ်.."
"ဪ...မင်ယော့"
ဆိုင်ထဲဝင်လာတဲ့ မင်ယော့ကို ချန်ယောလ်က လွတ်နေတဲ့စားပွဲတစ်ခုမှာ နေရာချပေးလိုက်တယ်။
ညဘက်တွေမှာ ချန်ယောလ်ရဲ့စားသောက်ဆိုင်ဆီ ရောက်လာတတ်တာ ဘတ်ခ်ဟျွန်းတစ်ယောက်တည်း မဟုတ်တော့ဘူး။
"ဘတ်ခ်ဟျွန်းရော"
စားပွဲမှာ အကျအနထိုင်ပြီးတဲ့ မင်ယော့က မီနူးကြည့်ရင်း မေးလာတယ်။
"ဒီည သူ မအားလို့ မလာဖြစ်ဘူးတဲ့၊ ခဏထိုင်ဦး...ငါ တခြားဧည့်သည်တွေ ရှိသေးလို့"
"အေး... အေး"
ကျောင်းသားဟောင်းတွေ့ဆုံပွဲကြောင့် အရင်မြို့လေးဆီ ပြန်သွားကြရင်း နိုင်ငံခြားကနေ အပြီးပြန်လာတဲ့ မင်ယော့နဲ့ သူတို့ပြန်တွေ့ဖြစ်ကြတယ်။
အဲဒီနေ့မှာ မင်ယော့က သူတို့နှစ်ယောက် ပို့လိုက်တဲ့စာကို မသွားခင်နံနက်ပိုင်းလေးမှာတင် လက်ခံရရှိခဲ့ကြောင်းနဲ့...စာထဲကအတိုင်း အတူတူ ဘောလုံးကစားခဲ့တဲ့သဲကွင်းလေးကို အမြဲသတိရနေတဲ့အကြောင်း၊ အဲဒါကြောင့် ကိုရီးယားပြန်ရောက်ရောက်ချင်းမှာပဲ အရင်က ဘောလုံးကွင်းလေးဆီ လာခဲ့ရာက အခုလို သူတို့နှစ်ယောက်နဲ့ ပြန်တွေ့ဖြစ်တဲ့အကြောင်း ပြောပြရင်း ကံတရားရဲ့ဆန်းကြယ်ပုံက ဒီလိုဒီပုံပါလားဆိုတာ သူတို့တအံ့တဩလက်ခံမိကြတယ်။
YOU ARE READING
Boyfriend,not Best friend
Fanfiction𝑳𝒆𝒕'𝒔 𝒈𝒓𝒐𝒘 𝒐𝒍𝒅 𝒕𝒐𝒈𝒆𝒕𝒉𝒆𝒓. ❣️ChanYeol×BaekHyun❣️ {Zawgyi+Unicode}