51

1.1K 223 27
                                    

ZAWGYI

မီးတစ်လုံးတောင်မလင်းတဲ့ တိတ်ဆိတ်ခြောက်ခြားဖွယ်အခန်းထဲ အပြင်ဘက်က မှုန်ရီဝိုးတဝါးမီးရောင်အောက် လူသားနှစ်ဦးဟာ စားပွဲတစ်လုံးမှာ မျက်နှာချင်းဆိုင်အနေအထားနဲ့ ငြိမ်သက်စွာထိုင်နေကြတယ်။

ချန်ယောလ်က သူခပ်ပေးထားတဲ့ရေတစ်ခွက်ကို ခပ်ဖြည်းဖြည်းယူလို့ မော့သောက်လိုက်တဲ့ ဘတ်ခ်ဟျွန်းကို ငေးစိုက်ကြည့်နေတယ်။ ခုနကအထိ လှိုင်းပုတ်ခံရသလို မငြိမ်မသက်လှုပ်ခတ်နေတဲ့ ဘတ်ခ်ဟျွန်းရဲ့ စိတ်အစဉ်က အခုမှအနည်ထိုင်သွားပုံ‌ပေါ်တယ်။

'ဘာလို့လဲ' 'ဘာ‌ကြောင့်လဲ' ဆိုတဲ့ အ‌ကြောင်းပြချက်အတင်းတောင်းရာရောက်တဲ့ အမေးစကားတွေကို ချန်ယောလ်မေးဖို့မဝံ့ရဲခဲ့ဘူး။ အဖြေကို ဘယ်လောက်ပဲ လှည့်ပတ်ဖြေဖြေ၊ အဆုံးသတ်အဖြေက 'သူ့ကို ဘတ်ခ်ဟျွန်းက သေချာမယုံသေးဘူး'ဆိုတဲ့ အဓိပ္ပာယ်ပဲ ထွက်လာမှာကို သူလက်မခံချင်ခဲ့ဘူး။

အချစ်ဆုံးသူငယ်ချင်းမဟုတ်တော့တဲ့ ဆက်ဆံရေးတစ်ခုကို သူတို့နှစ်ယောက်အတူတူစတင်ခဲ့ပြီးတာတောင် ဘတ်ခ်ဟျွန်းရဲ့ ယုံကြည်မှုကို ဖမ်းဆုပ်မရယူနိုင်‌ခဲ့ဘဲ ဘတ်ခ်ဟျွန်းက ချစ်ရစ်ခဲ့မှာကို ထိတ်လန့်နေတုန်း၊ တာရိုနဲ့ မင်ဟီးလို အဆုံးသတ်သွားမှာကို စိုးထိတ်နေတုန်းပဲ။

သူက ဘတ်ခ်ဟျွန်းအပေါ် ချစ်သူအဖြစ် စိတ်လုံခြုံမှု လုံလုံလောက်လောက်မပေးနိုင်ခဲ့ဘူးလား။

သူက တစ်ချိန်ကျရင် ငြီးငွေ့ပြောင်းလဲသွားလိမ့်မယ်ဆိုတဲ့ စိုးရိမ်စိတ်ကို ဘတ်ခ်ဟျွန်းဆီက မဖယ်ရှားပစ်နိုင်ခဲ့ဘူးလား။

သူက ချစ်သူတစ်ယောက်အဖြစ် တာဝန်မကျေခဲ့ဘူးလား။

တစ်နှစ်တောင် ရှိခဲ့ပြီလေ။ သူတို့နှစ်ယောက် တွဲခဲ့ကြတာ တစ်နှစ်တောင် ရှိနေပြီလေ။ ဒီတစ်နှစ်လုံးလုံး သူက အတွေးလွန်နေတဲ့ ဘတ်ခ်ဟျွန်းရဲ့ စိုးရိမ်ပူပန်မှုတွေကို သတိမပြုမိဘဲ ဘယ်လိုဖြစ်ပြီးတော့များ စိတ်အေးလက်အေးနေနိုင်ခဲ့ရတာလဲ။ ဘာဖြစ်လို့များ ထားရစ်ခံရမှာ‌ကြောက်လန့်စိတ်နဲ့ အားငယ်ဝမ်းနည်း‌နေမယ့် ဘတ်ခ်ဟျွန်းကို သူ့အပေါ် ယုံကြည်ချက်တွေ ပြည့်ပြည့်လျှံလျှံထားပစ်ဖို့ မဆွဲခေါ်နိုင်ခဲ့သလဲ။

Boyfriend,not Best friendWhere stories live. Discover now