ZAWGYI
သူငယ်ချင်းကနေ ချစ်သူအဖြစ် တက်လှမ်းနိုင်ဖို့ ကူးပြောင်းတဲ့ကြားခံအဆင့်က အတော်ခက်တယ်၊ အတော့်ကို ခက်ခဲတယ်။
မှန်မှန်ပြောရရင် ချန်ယောလ်က ဒီအဆင့်ကို တစ်ရက်၊ နှစ်ရက် အလွန်ဆုံးတစ်ပတ်လောက်နဲ့ပဲ ဖြတ်ကျော်သွားနိုင်မယ်လို့ ထင်ထားခဲ့တယ်။
အခုတော့ ဘတ်ခ်ဟျွန်းက ပေါ်တင်တစ်မျိုး၊ မသိမသာတစ်မျိုး သူ့ကို ရှောင်ဖယ်နေခဲ့တာ တစ်လနီးပါး။ ဆိုင်ကိုလည်း မလာတော့သလို၊ သူငယ်ချင်းတွေ တွေ့မယ်ဆိုလည်း အလုပ်ကိစ္စအကြောင်းပြပြီး ငြင်းဆန်တယ်။
'ဘတ်ခ်ဟျွန်းအတွက် အချိန်လိုအပ်တယ်..အချိန်...အချိန်'
ချန်ယောလ်က အဲ့ဒီစကားကို ၀င်လေထွက်လေမှတ်တိုင်း ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်ရတယ်။
မျက်နှာလေးမတွေ့ရလို့ ဖုန်းဆက်တော့လည်း 'စားပြီးပြီလား'နဲ့ 'နေကောင်းလား'ကနေ မတက်။ အရင်က သူတို့နှစ်ယောက်ကြား ပြောစရာစကားတွေ မကုန်နိုင်မခမ်းနိုင်ရှိနေရက်သားနဲ့ အခုကျမှ ရေခဲလွှာတစ်ချပ်ခြားထားသလိုမျိုး အငွေ့အသက်က လေလှိုင်းထဲက တစ်ဆင့်တောင် ခံစားနေရတယ်။
စာပို့ပြန်တော့လည်း တော်ရုံဆို ဖုန်းထုတ်မကြည့်တတ်တဲ့ ဘတ်ခ်ဟျွန်းက သူ့စာတွေကို တော်တော်နဲ့မမြင်။ တစ်ခါကဆို သုံးရက်လောက် ကြာပြီးမှ သူ့ရဲ့ 'နေ့လယ်စာစားပြီးပြီလား'ဆိုတဲ့အမေးကို 'အင်း'လို့ စာပြန်လာတယ်။
ချန်ယောလ်အတွက်တော့ လွမ်းဆိပ်တက်ရတဲ့ နေ့ရက်တွေပေါ့။
ဒါပေမဲ့လည်း ရူဘင်ကိုတော့ အပြတ်ငြင်းပြီး ဘာမှမဖြစ်သလို ပြောဆိုဆက်ဆံနိုင်ခဲ့တဲ့ ဘတ်ခ်ဟျွန်းက သူ့ကိုကျမှ ဒီလိုတမူထူးပြီး ရှောင်နေတယ်ဆိုတာ အလားအလာကောင်းတစ်ခုလို့ လိုရာဆွဲတွေးမိပြန်တော့ နောင်လာမယ့်နေ့ရက်တွေအတွက် စိတ်ကူးကြိုယဉ်မိပြန်တယ်။
ဒီလိုမျိုး စိတ်ကူးယဉ်လိုက်၊ လွမ်းလိုက်နဲ့ သံသရာလည်နေတဲ့ တစ်နေ့တာမှာ ချန်ယောလ်က ဆယ်ကျော်သက်ကောင်လေးလိုမျိုး တစ်နေ့လုံး ငုတ်တုတ်ထိုင်ပြီး ဆွေးနေတာ မဟုတ်ဘဲ ပုံမှန်အတိုင်း အလုပ်တွေ မပြတ်လုပ်ကိုင်ရပြန်တယ်။ တစ်နေကုန် လက်ထောက်ပရိုဂျူဆာအဖြစ် အလုပ်လုပ်ပြီး ညဘက်တွေဆို စားသောက်ဆိုင်မှာ ၀င်ကူတယ်။ ပြီးရင် သန်းခေါင်အထိ သီချင်းတွေ ရေးတယ်၊ စပ်တယ်။ နောက်တစ်နေ့အလုပ်အတွက် ကြိုပြင်ဆင်တယ်။
YOU ARE READING
Boyfriend,not Best friend
Fanfiction𝑳𝒆𝒕'𝒔 𝒈𝒓𝒐𝒘 𝒐𝒍𝒅 𝒕𝒐𝒈𝒆𝒕𝒉𝒆𝒓. ❣️ChanYeol×BaekHyun❣️ {Zawgyi+Unicode}