~{22}~ (Part 2)

284 52 0
                                    

UNICODE

ဂေးနှစ်ယောက်ကဲ့သို့ နေထိုင်မှုဘဝ (ဒုတိယပိုင်း)

ကျိုးလော့ယန်၏အိမ်မှာ ချောင်ကြိုချောင်ကြားပါမကျန် သန့်ရှင်းသပ်ရပ်တောက်ပြောင်နေလေသည်။ ထို့အပြင် တစ်စုံတစ်ဦးက အိမ်ထဲဝင်၍ သန့်ရှင်းရေးလုပ်ပေးသွားသည်ဟုလည်း မည်သူမျှ အတပ်ပြောနိုင်မည်မဟုတ်။ အကြောင်းမှာ အိမ်တံခါးသော့ခလောက်မှာလည်း ဖျက်ရာသဲလွန်စတစ်စုံတစ်ရာ မရှိဘဲ အကောင်းအတိုင်းရှိနေကာ အရာအားလုံးကလည်း နဂိုနေရာ၌ပင် စနစ်တကျ ရှိနေဆဲ။ တစ်စုံတစ်ဦးကသာ ဤကဲ့သို့ အိမ်အတွင်းသို့ ဘာမပြောညာမပြောနှင့် ကျူးကျော်ဝင်ရောက်လာပါက ကျိုးလော့ယန်မှာ မလွဲဧကန် ကြောက်ရွံ့ဒေါသထွက်မည်ဆိုသော်လည်း တုကျင့်စီစဥ်သည့် နည်းလမ်းများနှင့်တော့ ကျင့်သားရနေခဲ့သည်လေ။

ရက်ပေါင်းများစွာတိုင် တစ်ဦးနှင့်တစ်ဦး မနက်ရော၊ ညပါ ကော်စေးကဲ့သို့ မခွဲမခွာ အတူတူရှိနေခဲ့ကြသည်။ ဟန်ကျိုးမှ ပြန်လာသည့်နောက်တွင်မူ ဦးတည်ရာ လမ်းကြောင်းကွဲသွားရ၏။ ကျိုးလော့ယန်မှာတော့ နွေးထွေးမှုအရိပ်အယောင်များ ကင်းမဲ့နေသော အိမ်ခန်းအား တစ်ယောက်တည်း ငေးမှိုင်ကြည့်နေလေသည်။ ဟာတာတာခံစားချက်ကြီးက ရင်ဘတ်ထဲ သူစိမ်းဆန်ဆန် ပြည့်လျှံတက်လာတော့၏။

တုကျင့်က နှုတ်ဆက်စကား တစ်ခွန်းတစ်ပါဒမျှ မဆိုဘဲ ထွက်သွားပြီးနောက် ဗလာဖြစ်သွားသည့် အဆောင်ခန်း၌ တစ်ယောက်တည်းနေထိုင်ခဲ့ရစဥ်ကလည်း ထိုကဲ့သို့ သူစိမ်းဆန်ဆန်ခံစားချက်ကြီးကို ရင်ဆိုင်ခဲ့ရပါသေးသည်။ အနှီခံစားချက်ကြီးက ဘွဲ့ရစဥ်အချိန်ကာလအထိ အဆောင်ခန်းထဲ မြဲမြံစွာ စွဲထင်ကျန်ရစ်နေခဲ့ပါ၏။

ထိုနှစ်များအတွင်း ကျိုးလော့ယန် ခံစားချက်တစ်ခုကို အစဥ်အမြဲ ရနေခဲ့သည်။ တစ်နေ့နေ့တစ်ချိန်ချိန်တွင်တော့ တုကျင့် ပြန်ရောက်လာကာ အဆောင်ခန်းတံခါးအား တဒေါက်ဒေါက်လာခေါက်လိမ့်မည်ဟူ၍။

ယခုတွင်လည်း အိမ်ပြန်ရောက်ပြီးကတည်းက ထိုကဲ့သို့ ထပ်တူထပ်မျှ ခံစားရပါသည်။ တုကျင့်က အိမ်တံခါးခေါက်ကာ အိမ်ခန်းအတွင်းသို့ ဝင်လာတော့မည်ဟူ၍။

ထျန်းတိပိုင်ကျူ (Transl.)Where stories live. Discover now