~{29}~

271 52 5
                                    

UNICODE

တဖန် အချိန်နောက်ပြန်လည်ခြင်း

ပစ္စုပ္ပန်

အတွေးပုံရိပ်များကြားထဲ နစ်ဝင်စီးမြောလျက်ပင် အရက်ရှိန်ကြောင့် မူးဝေနေသည့် ကျိုးလော့ယန်မှာ တုကျင့်အား တစိမ့်စိမ့် ကြည့်နေမိ၏။

တုကျင့်ကလည်း တည်ငြိမ်အေးဆေးစွာဖြင့် ငေးမောကြည့်နေသည်။ ပင်ကိုခံစားချက်များ၏ဦးဆောင်မှုဖြင့် သဘာဝဆန်လွန်းသော ထုတ်ဖော်ပြသမှုများကို အရင်းခံ၍​ ဤအနမ်း ဖြစ်တည်ခဲ့ခြင်းလည်း ဖြစ်နိုင်၏။ တစ်ပြိုင်နက်တည်းမှာပင် ဤသည်က ကျိုးလော့ယန်၏ရှုပ်ထွေးပွေလီလှသည့် အတွေးများကို ရိုးရိုးရှင်းရှင်း တုံ့ပြန်လိုက်ခြင်းသာ။

ထိုအချိန်ဝယ် အသံတစ်သံကို ကြားလိုက်ရ၏ - လဲ့ယောင်၏အခန်းတံခါးပွင့်သံဖြစ်သည်။ တုကျင့်လည်း ချက်ချင်းမဆိုင်း ဆိုဖာထက်မှ ခုန်ဆင်းကာ ကြမ်းပြင်၌ ထိုင်နေတော့၏။

လဲ့ယောင်က သူတို့နှစ်ဦးကို အသေအချာ ကြည့်ရှုနေလေသည်။ ပတ်ဝန်းကျင်အငွေ့အသက်က အနည်းငယ် အောင့်သက်သက်နိုင်လှ၏။ ကျိုးလော့ယန်က ဆိုဖာထက်၌ လှဲလျောင်းနေချိန်တွင် တုကျင့်ကတော့ ဆိုဖာနံဘေး၌ ငုပ်တုတ်ထိုင်နေသည်။ တစ်ဦးနှင့်တစ်ဦးလည်း စကားပြောမနေ။

ကျိုးလော့ယန်က မေးမြန်း၏။

"လဲ့ယောင် ဘာကိစ္စရှိလို့လဲ?'

လဲ့ယောင်ကိုယ်တိုင်သည်လည်း မည်သည့်အရာများ ပြောင်းလဲဖြစ်ပျက်သွားသည်ကို လိုက်မမှီချေ။ ထို့ကြောင့် နှစ်ဦးသား စကားပြောနေရင်းတန်းလန်း၌ သူ အခန်းထဲက ထွက်လာမှုကြောင့် ပြောလက်စစကားများ ရပ်တန့်ကာ တိတ်ဆိတ်သွားသည်ဟုပင် ယူဆလိုက်တော့သည်။

"အစ်ကို.. ကျောင်းက ပြန်ယူလာတဲ့ အဝတ်အိတ်ရော ဘယ်မှာလဲဟင်?"

ကျိုးလော့ယန်လည်း လဲ့ယောင်၏အဝတ်အိတ်ကို ယူပေးရန်အတွက် ဆိုဖာမှ ထထွက်သွား၏။

တုကျင့်ထံမှ အသံထွက်ပေါ်လာတော့သည်။

"ရေသွားချိုးလိုက်ဦးမယ်"

ထျန်းတိပိုင်ကျူ (Transl.)Where stories live. Discover now