~{2}~

1.1K 133 9
                                    

{Unicode}

ဘာလို့ အဆောင်မပြောင်းသေးတာလဲ

အတိတ်

ညချမ်းချိန်ခါဝယ် မိုးစတင်ရွာသွန်းဖြိုးခဲ့ချေပြီ။ လသာဆောင်ရှိ သတ္တုခေါင်မိုးထက်၌ မိုးစက်မိုးပေါက်များက စီးချက်အလိုက် တဗြုန်းဗြုန်း ကျဆင်းနေတော့သည်။

ကျိုးလော့ယန်၏အသက်(၁၆)နှစ်အရွယ် ညီငယ်လေး လဲ့ယောင်မှာ ဧည့်ခန်းထဲ၌ တီဗွီကြည့်နေဆဲ။ ကျိုးလော့ယန် အိမ်တံခါးဖွင့်လိုက်ချိန်၌ လဲ့ယောင်က အနောက်ဘက်သို့ လှည့်ကာ နံရံပေါ်ရှိနာရီအား လှမ်းကြည့်လိုက်၏။

"ပြန်လာတာ စောသားပဲ.. ဘယ်လိုလဲ?"

လဲ့ယောင်က အမေးပြုလာ၏။ သူ၏ အသံ၌ မျှော်လင့်ချက်များရောပြွမ်းနေခဲ့သည်။

"အဆင်ပြေပါတယ်"

ကျိုးလော့ယန်က သူ၏ညီလေးအား ချိန်းဆိုချက်အကြောင်း ဘာဆိုဘာမျှမပြောချင်တော့။ နေ့ခင်းတုန်းက ကျိုးလော့ယန် အပြင်မထွက်မီ လဲ့ယောင်အား ပူးတွဲစီးပွားရေးတစ်ခု သွားရောက်ဆွေးနွေးရန်ရှိကြောင်း၊ အောင်မြင်မည်ဆိုပါက သူတို့၏ ရှေးဟောင်းပစ္စည်းအရောင်းဆိုင်လေး ပြန်ဖွင့်နိုင်မည်ဖြစ်ကြောင်း ပြောခဲ့မိသည်။

ကျိုးလော့ယန် အရှေ့သို့လျှောက်လာပြီး သူ၏ ညီငယ်လေးအား ဝှီးချဲပေါ်မှ မ,ချီကာ ရှင်းပြ၏။

"အကုန်အဆင်ပြေပြေနဲ့ ပြီးသွားတယ်.. ဟိုဖက်ကလည်း အစ်ကိုတို့ရဲ့ ကမ်းလှမ်းချက်ကို သေချာစဥ်းစားပေးပါ့မယ်တဲ့"

လဲ့ယောင်က ကော်ဖီစားပွဲပေါ်မှ စာရွက်စာတမ်းများအား ညွှန်ပြလိုက်သည်။

"ကျွန်တော်လုပ်ပေးထားတဲ့ အစီရင်ခံစာကိုလည်း မယူသွားဘူး"

"အစ်ကို့ခေါင်းထဲမှာ အကုန်မှတ်သွားတာလေ"

ကျိုးလော့ယန်က ပြုံးပြလိုက်ပြီးနောက် လော့ယန်အား ရေချိုးခန်းထဲ ပွေ့ချီသွားလေသည်။

ငှားရမ်းထားသော တိုက်ခန်းထဲရှိ ရေချိုးခန်းလေးမှာ ကျဥ်းမြောင်းလှသော်လည်း ကံကောင်းထောက်မစွာဖြင့် ဟောင်းနွမ်းနေသည့် ရေချိုးဇလုံကြီးတစ်ခု ရှိလို့နေသည်။ ကျိုးလော့ယန်က ရေချိုးဇလုံနံဘေးရှိ လိုက်ကာအား ဆွဲဖွင့်ကာ ဇလုံအောက်ခြေ၌ တစ်ခါသုံး ပလတ်စတစ်ပြားတစ်ချပ် ခင်းလိုက်၏။

ထျန်းတိပိုင်ကျူ (Transl.)Où les histoires vivent. Découvrez maintenant