Unicode
.................
PART 31
.................ခရေပင်တန်းတွေရဲ့အလွန် ခပ်လှမ်းလှမ်းက မနိမ့်မမြင့်တောင်လေးနားတွင် တောင်ကျရေတံခွန်အသေးလေးရှိလေသည်။ရေစီးသိပ်မသန်သော်လည်း ကျောက်ပြားပေါ်သို့ရေကျသဖြင့် ရေမှုန်ရေမွှားတို့က ဘေးဘက်သို့အမြဲစင်ထွက်နေကာကြည့်ကောင်းလှလေသည်။ထိုရေတံခွန်လေးမှ စီးဆင်သောရေတို့က ချောင်းငယ်လေးအဖြစ် တည်ရှိနေသည်။ချောင်းတစ်ဖက်တစ်ချက်ခပ်လှမ်းလှမ်းတွင် သစ်တောအုပ်သာရှိပြီး ထိုမှလွန်မှသာ ခရေပင်တန်းဘက်ကိုရောက်လေ၏။ကျန်သည့်အချိန်များတွင် ပိုင်လေးတို့ခြံထဲမှအလုပ်သမားများက လာရောက်အပန်းဖြေတတ်ကြသည်မှာအပ ရေတံခွန်ငယ်လေးမှာ အထီးကျန်ဆန်ေန၏။ပိုင်လေးတို့ ပိုင်ဆိုင်သောခြံကြီးများသည် တောအုပ်တွင်းသို့အရမ်းမနက် လှသည့်အတွက် တိရစ္ဆာန်ကြီးများတော့မရှိ။တစ်ခါတစ်ရံ သမင်နှင့်ဒရယ်…စသော အကောင်သေးများသာ လာတတ်ကြ၏။မိမိတို့ပိုင်နက်ကို ခြံစည်းရိုးသေချာကာရန် ပိုင်လေးလိုက်ကြီးကြပ်နေရင်းက ထိုရေတံခွန်လေးကိုတွေ့ရသော အခါတွင် ဘေးကခြုံရိုင်းများ နွယ်များကိုရှင်းလင်းက ကောင်းကောင်းအနားယူနိုင်သော နေရာလေးလုပ်ရန်စိတ်ကူးမိလေသည်။ကျောက်တုံးကြီး ကျောက်တုံးငယ်တို့လည်းပြည့်နေသောစမ်းချောင်းလေးက သဘာ၀ထိုင်ခုံများလုပ်ပေးထားသလိုပင်။အနည်းငယ်နက်သောအပိုင်းတွင်တော့ မိုးတွင်းဆိုလျှင်ငါးများပါဖမ်းလို့ရမည့်အနေအထားတွင်ရှိလေသည်။ကျောက်တုံးတို့မှာလူသွားလူလာမရှိသဖြင့် ရေညှိအကျိအချွဲတို့တက်နေတော့သဖြင့် ထိုနေရာလေးအား လှလှပပပြင်ဆင်ရင်း အေဒီ့အား ခေါ်ပြချင်စိတ်ဖြစ်မိလေ၏။အေဒီသည် ဟိုတလောက သူငယ်ငယ် ကနေဒါတွင် နေစဉ်က ဓာတ်ပုံအယ်လ်ဘမ်များကိုထုတ်ပြကာ သူလျှောက်လည်ပြီးကြည့်ခဲ့ဖူးသော ရေတံခွန်များအကြောင်းကို တခမ်းတနားပြောပြခဲ့ပြီး နောက်တစ်ချိန်တွင် မိမိနှင့်အတူသွားချင်ကြောင်း ပြောခဲ့သည်ကို ပိုင်လေးအမှတ်ရမိလေသည်။ဤနေရာလေးအား သဘာ၀အလှမပျက် စနစ်တကျရှင်းလင်းပြီးနောက် အေဒီ့အား ခေါ်လာရမည်ကို စဉ်းစားရင်းနှင့်ပင် ပျော်နေမိလေပြီ။ထိုစိတ်ကူးမှ တစ်ဆင့်လည်း မိမိတို့ပိုင်ဆိုင်သောထိုခြံကြီးများ စီးပွားရေးကိုသာရှေ့တန်းတင် အမြတ်အစွန်းအတွက် သဘာ၀တရားကို ဖျက်ဆီးချင်သော လူများလက်ထဲသို့မပါရန် အစွမ်းကုန် ကြိုးစားရမည်ဟု ပိုင်လေးကောက်ချက်ချမိသည်။