UNICODE
..................
Part17
..........
"ထည်ဝါ မင်းငါ့ကိုဘယ်ခေါ်သွားမလို့လဲ""ရောက်ရင်သိလိမ့်မယ်"
ပြုံးပြုံး ပြုံးပြုံး နှင့်ထည်ဝါ့ပုံစံကအရင်နေ့တွေနှင့်မတူ ပိုမိုတက်ကြွလိုနေလေ၏။သုတအားသွားစရာရှိတယ်ဟုသာ ပြော၍ခေါ်လာသဖြင့် သူကိုယ်တိုင်လည်းဘယ်ကိုသွားနေလည်းရေရေရာရာမသိပေ။သေချာသည်ကတော့ အေဒီလင်းနှင့်အတူ စတော်ဘယ်ရီခြံသို့လိုက်မသွားကြ၍ ခုနေသူတို့အကြိမ်းခံနေရပြီဖြစ်လေသည်။
"ရောက်ပြီ"
ပြောပြောဆိုဆိုနဲ့ ထည်ဝါက ခြံဝန်းကြီးတစ်ခုထဲသို့ဝင်ကာ ကားကိုရပ်လိုက်လေသည်။ကားပေါ်ကဆင်းလျှင် သုတတွေ့ရသည်ကတော့ သပ်ရပ်လှပသော အဖြူရောင်အဆောက်အဦးငယ်တစ်ခုပင်။ဘေးတိုက်အနေအထားဖြစ်သဖြင့် ဘာအဆောက်အဦးမှန်း သေချာတော့မပြောနိုင်သေး။အုတ်အဖြူလေးတွေမှာ နံရံကပ်အပင်လေးတွေကိုမြင်နေရသည်ကတော့ စိတ်တိုင်းကျဖွယ်ကောင်းလှပါသည်။အဆောက်အဦးရှေ့အရောက်တွင်တော့ မှန်တွေဖြင့်ကာထားသဖြင့်အထဲကိုမြင်နေရသည့်အတွက်အထဲမဝင်ခင်ကပင် cafe ဖြစ်မှန်းသုတသိလိုက်ပါသည်။
"ဟေ့ရောင်ထည်ဝါ ဒါဘယ်နေရာလဲ"
"ခြံဝင်းထဲဝင်လာတုန်းက မင်းမတွေ့ဘူးလား ဆိုင်းဘုတ်မှာရေးထားတယ် ကော်ဖီနဲ့မုန့်ဆိုင်လေ"
"ထားပါတော့ ဘာကြောင့်လာတာလဲဒီကို"
"အထဲလိုက်ခဲ့"
သူမေးတာကိုခုထိမဖြေဘဲ ပဟေဠိ ဆန်ဆန်လုပ်နေသော ထည်ဝါအား သုတစိတ်မရှည်တော့သော်လည်းမတတ်နိုင်ပါ။အထဲဝင်လိုက်တော့ waiter တွေရော waitress မလေးတွေကပါ ထည်ဝါအားနှုတ်ဆက်ကြလေသည်။
"ထည်ဝါ မလာတာကြာပြီပဲ"
"ဟုတ်တယ် ကျောင်းရှိလို့လေ မစုရဲ့"
"သူငယ်ချင်း ခေါ်လာတာထင်တယ်"
"ဟုတ်....ကိုခန့်ရှိတယ်မလား"
"အင်း သူဌေးရှိတယ် သူ့အခန်းထဲမှာ"
အနှီသူဌေးဟူသော သူရှိရာသို့ နှစ်ယောက်သားဝင်လိုက်သောအခါ ထိုသူကဖော်ရွေစွာနှုတ်ဆက်လေသည်။မိမိတို့ထက်ငါးနှစ်လောက်ကြီးမည်ဟုထင်ရသော အစ်ကိုအရွယ်ထိုလူအား သုတကအနည်းငယ်ရှိန်နေသော်လည်း ထည်ဝါကတော့အလွန်ပင်ပေါ့ပါးသွက်လက်စွာစကားပြောနေလေသည်။