အခန်း (၄၂)
ထိုစကားတွင်တော့ ကျိုးဟူ၏ ခြေလှမ်းတို့က တန့်ခနဲ ရပ်တန့်သွားပြီး..
“အဲ့အခါကျရင်.. ကျွန်တော်က ပျောက်သွားရမှာလား..”
ထိုမေးခွန်းတွင်.. ယီမင်ပါ ခြေလှမ်းတွေ ရပ်ပစ်လိုက်မိ၏။ ကျိုးဟူ စိတ်ပူနေမှာကို ယီမင် သိသည်။ သို့သော်.. ယီမင် သက်ပြင်းချလိုက်ပြီးမှ..
“ဒါမှမဟုတ် မင်း သူ့ထက် ပိုပြီး အားကောင်းလာရင်ပေါ့..”
“ကျွန်တော် သူ့ကို လွှမ်းမိုး သွားနိုင်ရင်လား..”
“မင်းနဲ့သူ ဘယ်သူက ပင်မ ဝိညာဉ်လဲ မသိဘူး.. ပင်မဝိညာဉ်ကို လွှမ်းမိုးနိုင်တာမျိုး ရှိပါ့မလား ဆိုတာလည်း မသိဘူး.. အဲဒါကို သေချာ ရှာထားမှာ ဆိုတော့.. မင်းက ကျန်းမင်ရှီ နတ်မင်း ဆီမှာပဲ သေသေချာချာ နေလိုက်ပါ..”
“သူက ပိုင်ဟုန်ဟူရဲ့ဆရာလေ ကျွန်တော့်အတွက် ဆရာသတ်သတ် ရှာပေးပါ..”
“မရဘူး.. ကျန်းမင်ရှီ နတ်မင်းကို မင်းက ပိုင်ဟုန်ဟူ ဆီကနေ လုယူပေါ့.. ကျန်းမင်ရှီလို ဒုတိယအဆင့် နတ်မင်း တစ်ပါးက မင်းကို သင်ပြပေးမှာကို မင်းက ငြင်းဆန်ချင်သေးတာလား.. ကျိုးဟူ..”
“မဟုတ်ဘူး.. ရှိသမျှ နတ်မင်းတွေ ဆရာ လာလုပ်လဲ ငြင်းချင်တာ.. မသင်ချင်ဘူး..”
“မရဘူးဆို မရဘူး..”
“မသင်ဘူးဆို မသင်ဘူး..”
“ကောင်းပြီ မင်းကို ချီးရှီ နတ်မင်းဆီမှာ သင်ခိုင်းရမယ်..”
ယီမင်၏ ခြေလှမ်းတွေ ချီးရှီ နတ်မင်း၏ နန်းဆောင်သို့ ဦးတည်လိုက်တော့.. ကျိုးဟူက လျင်မြန်စွာဖြင့်..
“ကျန်းမင်ရှီ နတ်မင်းကိုပဲ ရွေးချယ်တယ်..”
“ရွေးချယ်မှု မှန်တယ်.. သွားတော့လေ..”
“အဖေက တကယ်တမ်းကျ ချုပ်ကိုင်တတ်တဲ့ နတ်ပဲ.. တကယ် တရားနည်းလမ်း မကျဘူး..”
ကျိုးဟူ၏ စွပ်စွဲမှုအား ရယ်မောလျက်ဖြင့်..
“ငါ တရားနည်းလမ်း မကျတာ မင်းအမေနဲ့ စတွေ့ကတည်းက ပဲလေ..”
