unicode
အခန်း ၈၅“ကောင်းပါပြီ အဘိုးတော်”
“ယီမင်က နေခဲ့ပြီးတော့ ကျန်တဲ့သူတွေ ညီလာခံကနေ အနားယူနိုင်ပြီ”
တခြားသော နတ်မင်းများနှင့်အတူ ညီလာခံခန်းမမှ ထွက်လာပြီးနောက် အဘိုးလေး တော်သော နတ်မင်းသားတစ်ပါးက ဟူအာအနီးသို့ တိုးလာသည်။
“ကျိုးဟူ..”
ဟူအာ ခြေလှမ်းရပ်လိုက်သော်လည်း မကျေမလည်တော့ ဖြစ်မိသည်။ သူ့နာမည်က ပိုင်ဟုန်ဟူ ဖြစ်သည်။ သို့သော် ကောင်းကင်နန်းတော်တွင်မူ သူက တလီကျိုးဟူသာ ဖြစ်ခွင့်ရမည် ဖြစ်၏။ တခြားတစ်ပါးသော နတ်များအား သူ့၏နတ်ဝိညာဉ်တွင် လွဲမှားမှု ရှိသည်ဟု ဖွင့်ပြောနိုင်ခွင့် ရှိမည် မဟုတ်မှန်း သူနားလည်သေး၏။
“တကယ်လို့ ကြယ်တာရာ ဒေသကို သွားမယ် ဆိုရင် ငါနဲ့ အတူသွားမယ်၊ ကြယ်တာရာဒေသမှာ ငါ မျက်နှာပူစရာရှိလို့ တချို့ကိစ္စလေးတွေကို သူတို့ကို အလေးပေးချင်သေးတယ်”
သူ၏ အဘိုးလေး တလီချင်းရန်က လက်ရှိတွင် ကောင်းကင်၏ ငြိမ်းချန်းရေးနတ်မင်း ဖြစ်သည်။ ထို့ကြောင့် ဒေသတိုင်း၏ တိုးတက်မှုနှင့် ငြိမ်းချမ်းရေးကဏ္ဍများကို တာဝန်ယူရသည်။
“ကျွန်တော် အမတဘုံကနေ နတ်အဆင့် တက်လာတဲ့ နတ်ငယ်လေးတွေကို စီမံနေရာချပေးတဲ့ ခန်းမကို သွားမလို့ပါ”
“ငါ လိုက်ခဲ့ပေးမယ်၊ ငါ အရင်နှစ်ငါးဆယ်တုန်းက အမတဘုံကို ငြိမ်းချမ်းအောင် လုပ်ဖို့ တာဝန်ယူခဲ့ဖူးတယ်၊ မင်းအတွက် အမတဘုံကနေ တက်လာတဲ့သူ ကောင်းကောင်းလေးတွေကို ငါ အကြံပေးနိုင်တယ်”
ဟူအာ ခေါင်းညိတ်လိုက်သည်။ အမတဘုံဆိုသည်က သေမျိုးနှင့် မသေမျိုးကြားတွင် ရှိသော ဘုံဌာနတစ်ခု ဖြစ်သည်။ နတ်အဆင့် ကျင့်ကြံခြင်းကို လေ့ကျင့်နိုင်စွမ်းရှိသော သေမျိုးသား၏ ဌာနီတစ်ခု ဖြစ်ပြီး နတ်အဆင့်သို့ တက်ရောက်လာနိုင်ပါက ကောင်းကင်နန်းတော်တွင် တာဝန်ထမ်းဆောင်လိုပါက တာဝန်ပေးအပ်ခြင်းကို လက်ခံရသည်။
အကယ်၍ အမတဘုံမှ တက်လာပြီးနောက် နတ်စွမ်းအားမြင့်မားပြီး ကောင်းကင်နန်းတော်တွင် မနေထိုင်လိုပါက ကိုယ်တိုင်နှစ်ခြိုက်သော နတ်ဒေသတစ်ခုကို ရွေးချယ်ပြီး နေထိုင်နိုင်သည်။ သို့သော် အမတဘုံမှ တက်လာသော ထာဝရရှင်သန်သူများက ကောင်းကင်နန်းတော်တွင် တာဝန်ထမ်းဆောင်လိုကြသည်က ပို၍ များပြားပေသည်။
