unicode
အခန်း-၁၃၃
ကျန်းမင်ရှီနတ်မင်း၏ ပန်းတစ်ရာနန်းဆောင်မှ ထွက်လာပြီးနောက် ဟူအာက မြောက်ပိုင်းရေနန်းတော်သို့ ဦးတည်လိုက်သည်။ မှတ်မှတ်ရရ ဤခရီးကိုပါ ထည့်တွက်မည် ဆိုပါက ဒီနှစ်ပတ်အတွင်း ဟူအာ သွားခဲ့သော ခရီးက အတော်လေးပင် များနေပြီဟု ဆိုနိုင်သည်။
မြောက်ပိုင်းရေပိုင်နက်အတွင်းသို့ ရောက်သည်နှင့် များပြားလှသော နတ်မင်းများ ရေနေတန်ခိုးရှင်များနှင့် မြေပြင်ဒေသနတ်များက မြောက်ပိုင်းရေနန်းတော်သို့ ဦးတည်လျက် သွားနေကြသည်ကို တွေ့လိုက်ရသည်။
မြောက်ပိုင်းရေနန်းတော်သို့ ရောက်သည်တွင် ဂိတ်ဝ၌ အစေခံငယ်လေးက မေးသည်။
“ဒီကနတ်သား ဖိတ်စာပါရဲ့လား”
“မပါဘူး။ ကျွန်တော်က ဒီမှာ တောင်ပိုင်းရေမင်းကြီးနဲ့ ချိန်းဆိုးထားတာပါ။ တောင်ပိုင်းရေမင်းကြီးကို အကြောင်းကြားပေးနိုင်မလား”
“ဒါဆို ဒီကနတ်အရှင် ခဏလောက် စောင့်ဆိုင်းပေးပါ”
“ကိစ္စမရှိပါဘူး”
နတ်အစေခံငယ်လေးများ ထွက်သွားတော့မှ မြောက်ပိုင်းရေနန်းတော်၏ ဝန်းကျင်ကို တစ်ချက် ကြည့်ရှုအကဲခတ်လိုက်မိသည်။ မြောက်ပိုင်းရေနန်းတော်သည် ပတ်ဝန်းကျင်တစ်ခုလုံးက ဖြူစွတ်နေသော ပင်လယ်သဲများဖြင့် ဖုံးလွှမ်းနေပြီး ပင်လယ်ရနံ့ကို အတားအဆီးမဲ့စွာ ရရှိနိုင်သည်။
တောင်ပိုင်းရေနန်းတော်က ရေသူမျိုးနွယ် အုပ်ချုပ်သောဒေသဖြစ်သည့် အားလျော်စွာ ရေလီလီပန်းများ၊ ရေညှိများ၊ ရေမှော်များ အမျိုးစုံကို သေချာစိုက်ပျိုးထားပြီး ရေနန်းတော်တခွင့် သာယာလှပစေသည်။ မြောက်ပိုင်းရေနဂါးများသည်က ထိုသို့သော အလှအပများကို စိတ်ဝင်စားမှု နည်းပါးမှန်း သိသာလှပေသည်။
သဲမှုန်များက ဖြူဖွေးနေပြီး ရေတံလျှပ်၏ အလင်းရောင်ကြောင့် တဖျပ်ဖျပ် တောက်ပနေသည်။ မြောက်ပိုင်းရေဘုရင်က နှစ်များစွာ ရှင်သန်ပြီးနေပြီ ဖြစ်ရာ အနားယူရန် လိုအပ်နေပြီဟု သူ့ကိုယ်သူ သတ်မှတ်ထားခြင်း ဖြစ်သည်။
