unicode
အခန်း-၁၁၂“ဒီချီလုံ ဒုတိယမျိုးဆက်ရဲက ကောင်းကင်မင်းကြီး ကျန်းဝူမင် လက်ထက်မှာ ကတည်းက လုံးဝကို ရှားပါးတဲ့ မျိုးစိတ် ဖြစ်သွားတယ် ဆိုတာကို အားလုံး သိပြီးသား ဖြစ်မှာပါ၊ ဒါကြောင့် ဒီသွေးတစ်ပုလင်းက ဘယ်လောက်အထိ ရှားပါးတယ်ပြီး တန်ဖိုးရှိတယ် ဆိုတာကို သိနိုင်ပါတယ်”
ထိုစင်ပေါ်မှ နတ်က ဆက်လက်၍ ပြောနေဆဲ ဖြစ်သည်။
“ချီလင်ရဲ့သွေးမျိုးဆက် ဖြစ်တဲ့ ချီလုံတွေရဲ့ သွေးတွေက ဆေးဖော်စပ်တဲ့အခါမှာ ဘယ်လောက်အထိ အဖိုးတန်တယ် ဆိုတာကို ဆေးပညာကို လေ့လာဖူးသူတိုင်း သိလောက်မယ်လို့ ထင်ပါတယ်”
ထိုစင်ပေါ်မှနတ်က ပုလင်းငယ်လေး၏ အဖုံးကို ဖွင့်လိုက်သည်။ မွှေးပျံ့သော သွေးရနံ့တစ်ခုက ပျံ့နှံ့လာ၏။ ဟူအာ ထိုင်နေရာမှ ရုတ်ချည်း ထရပ်လိုက်မိသည်။
ထိုရင်းနှီးနေသော ရနံ့က ဟူအာကို စိတ်လှုပ်ရှားလာစေသည်။ ထိုရနံ့ကို ဟူအာ သိသည်။ ထိုရနှံ့က ညောင်အာ၏ အနံ့ဖြစ်ကာ သူမက ချီလုံတစ်ကောင် ဖြစ်သည်။ သူမရဲ့သွေးတစ်ပုလင်းက ဘယ်လို လုပ်ပြီးတော့ မြေနတ်တွေ ပျော်ပါးဆော့ကစားတဲ့နေရာမှာ ရောက်နေရတာလဲ။
“ဒါက ညောင်အာရဲ့ သွေးပဲ”
ဟူအာ တီးတိုး ရေရွတ်လိုက်ပြီး လက်သီးဆုပ်လိုက်မိသည်။ ဟူအာ၏ စိတ်လိုက်မာန်ပါ ပြုမူလိုက်သည့်ပုံကို ကျိုးဖုန်းက တစ်ချက် ကြည့်လိုက်ပြီးမှ ပြောလာသည်။
“မင်း အရင်ဆုံး စိတ်လျော့မှ ရမယ် ဒီမှာ မင်း ဘယ်သူလဲ ဆိုတာကို ထုတ်ဖော်လို့ မဖြစ်ဘူး။ မင်း စိတ်ကိုထိန်းထားအုံး ဒါပြီးရင် ဒီမြက်ခင်းစံအိမ်တော်သခင်ဆီမှာ အကျိုးအကြောင်းမေးလို့ ရတယ်”
ဟူအာ ခေါင်းညိတ်လက်ခံရုံသာ တတ်နိုင်သည်။ သူက မြက်ခင်းစံအိမ်တော်ကို မဖြိုချနိုင်ပေ။ ဆိုရလျှင် ထိုသို့ ဖြိုချလိုက်ခြင်းကလည်း ညောင်အာကို တွေ့ရမည်ဟု အာမခံချက် မရှိပေ။
“ဒါကို ကျွန်တော်တို့က နှစ်တစ်သောင်းနဲ့ စပြီးတော့ လဲလှယ်ပါမယ်”
