အခန်း (၅၇)
အကယ်၍သာ ကျိုးဟူသည်လည်း ကောင်းကင်သန္ဓေသားဖြင့် မွေးဖွားလာပါက ထိုသူများနည်းတူ ပျော်ရွှင်စွာ ဆော့ကစားရမည့် အသက်အရွယ်ပင် ဖြစ်လေသည်။
“သခင် တောင်ပိုင်းရေမင်းကြီး လာပါတယ်”
လုံစမ်းက အနားတွင် သတိလာပေးတော့ ထိုနေရာမှ ထွက်ခွာလာခဲ့ပြီးနောက် ကောင်းကင်အကာကွယ် နန်းဆောင်တံခါးဝသို့ ခြေချလိုက်လေသည်။ တောင်ပိုင်းရေဘုရင်က ယီမင်ကို တွေ့တော့ အရိုအသေပြုဟန် ပြုလာသည်။
“နန်းဆောင်ထဲကို ဝင်လာပေးပါ လုချီ”
တောင်ပိုင်းရေဘုရင် ရှောင်လုချီက ရင်းအာ၏ ခင်မင်ရသော သူငယ်ချင်းတို့ ယီမင်ကလည်း အထူးတလည် အလေးပေး ဆက်ဆံပေးလေ့ ရှိသည်။
“ထိုင်ပါ”
“ကောင်းကင်မှာ သတင်းစကား ကြားတယ်၊ ရွှေရောင်နဂါးနဲ့ ကောင်းကင်မီးအရှိန်အဝါ ဆိုတာက”
“သူပဲ”
“အော်”
လုချီ မည်သို့မျှ ဆက်မပြောတော့ပါပဲနှင့် လာရင်း ကိစ္စကိုသာ ဆက်ပြောရန် ပြင်လိုက်တော့သည်။
“အရှေ့တောင်ပိုင်းမှာ မျိုးဆက် ကင်းသွားပြီလို့ ပြောလို့တော့ မရသေးပါဘူး၊ ပြောရရင် အရှေ့တောင်ပိုင်း ရေနယ်နိမိတ်ကို ဆက်ခံသူက အိမ်ရှေ့မင်းသားရဲ့ ခမည်းတော်နဲ့ ဆက်စပ်နေတော့”
“ဆွေးနွေးခဲ့တာက ဘယ်လိုလဲ”
“ပထမတစ်ကြိမ် ဆွေးနွေးမှုမှာတော့ သူတို့က ထိတ်လန့်နေကြပါသေးတယ်၊ ဒါကို လွယ်လွယ်ကူကူနဲ့ လက်ခံမယ့်ပုံတော့ မပေါ်ပါဘူး”
နတ်သူငယ်လေးက ရေနွေးခွက်ကို ချပေးလာတော့ ပြောလက်စကို ခဏရပ်လိုက်ပြီးမှ လုချီက စကားပြန်ဆက်သည်။
“အရှေ့မြောက်ပိုင်း ရေဘုရင်က ကျတော့ မရှိတော့သလို ဖြစ်နေတော့ မြောက်ပိုင်းဘုရင်ကပဲ ကိုယ်စား ဆုံးဖြတ်ပေးနေခဲ့တာကလည်း ကြာပြီမို့လို့ ကိစ္စတော့ မရှိတော့ပါဘူး”
“အဲ့ဒါ မဆိုးပါဘူး၊ ကောင်းပါတယ်”
“အနောက်မြောက် ပင်လယ်က သမီးလေးတစ်ဦးတည်း ရှိတာမို့ အရှေ့ပိုင်းပင်လယ်ဘုရင်က ခမည်းခမက် တော်ဖို့ ကမ်းလှမ်းထားတယ်လို့ သိရတယ်၊ အနောက်ပင်လယ်ကလည်း အရှေ့ပင်လယ်နဲ့ မဟာမိတ် ပြုလုပ်ထားတော့”
