အခန်း-၁၅၁
"ကျွန်တော်က.."
ဆစ်ကျီနတ်မင်းက အေးစက်နေရာမှ အလိုမကျဟန် ပေါ်လာသည်။ ဟူအာကပင် အတတ်ပညာနှင့် ပတ်သတ်၍ မည့်သည့်စကားကိုမျှ မမေးရသေးပေ။ ထိုအေးစက်သော နတ်မင်းက ခံစားချက်မဲ့နေဟန် မတူဘဲ ဒေါသထွက်နေသည်ဟု ဟူအာက ခံစားမိလေသည်။ အဘယ်ကြောင့်နည်း။
ဟူအာက ဆစ်ကျီနတ်မင်းနှင့် ပတ်သတ်၍ မည်သည့်အမှားကိုမှ မပြုလုပ်ဖူးသည်မှာ သေချာနေပေသည်။ ဆစ်ကျီနတ်မင်းက သူ့ကို အဘယ်ကြောင့် စိတ်ဆိုး ဒေါသထွက်နေရသနည်း။
ဟူအာ မသိလိုက်သည်မှာ သလင်းနန်းဆောင်အတွင်း ယခုမှ ပြေလည်ကာစ သခင်နှင့်အစေခံ စုံတွဲအား ဟူအာက အနှောင့်အယှက်ပေးကာ အပြင်သို့ ခေါ်ထုတ်လိုက်မိခြင်း ဖြစ်ပြီး ဆစ်ကျီနတ်မင်းက လပေါင်းများစွာ အသက်ရှင်သန်ရန် ချော့မြူနေခဲ့သည့် အကြောင်းအရင်းက အောင်မြင်တော့မည့်ဆဲဆဲတွင် ရောက်လာမိခြင်း ဖြစ်လေသည်။
ဆစ်ကျီနတ်မင်းက ဟူအာကို မရိုက်သတ်လျှင်တောင် ကံကောင်းလှပြီဟု ဆစ်ကျီနတ်မင်းအား ခေါ်ဆောင်လာပေးသော ကျိုးယွီက တွေးလိုက်မိလေသည်။
ဆစ်ကျီနတ်မင်းက အေးတိအေးစက် ပြန်မေးသည်။
"မင်းရဲ့လိုရင်းကိစ္စကို ပြော"
"ကျွန်တော်နဲ့ ကိုက်ညီမဲ့ အတတ်ပညာအကြောင်း မေးချင်လို့ ရောက်လာတာပါ"
"ဟွန့်.."
ဆစ်ကျီနတ်မင်းက အေးစက်စွာ နှာမှုတ်လိုက်ပြီးနောက်၊
"မေးခွန်းတစ်ခုတည်းကို ထပ်ခါထပ်ခါ မေးမြန်းနေရတာကို ငါ အမုန်းဆုံးပဲ"
ဆစ်ကျီနတ်မင်းက ထိုသို့ ပြောပြီးနောက် ဟူအာအား နန်းဆောင်အပြင်သို့ တစ်ပါးတည်း လွှင့်ထွက်သွားအောင် ပြုလုပ်လိုက်လေတော့သည်။
ဒီနတ်အိုက အမှန်ပင် ဆက်ဆံရ ခက်ခဲလှပေသည်။ ဟူအာမှာ သလင်းနန်းဆောင်အတွင်း ဝင်ပြီးနောက် စကားလေးငါးခွန်းမျှသာ ပြောဆိုရသေးသည်။ မည်သည့်အမှားမျှလည်း မပြုလုပ်လိုက်ရသေးချေ။
သို့သော် ထိုသို့သော ရက်စက်စွာ နှင်ထုတ်ခံရသည့် အဖြစ်သို့ ရောက်ရှိသွားလေ၏။ ဟူအာ မည်သည်ကို စိတ်ဆိုးဒေါသထွက်ရမှန်းပင် မသိနားမလည်တော့ပေ။ ထိုအစား သူ၏ဝတ်ရုံကိုသာ သေသပ်အောင် ပြင်ဆင်လိုက်ပြီး ထိုနေရာမှ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
