unicode
အခန်း-၁၄၀“မင်း တွေ့လား”
ကျန်းမင်ရှီနတ်မင်းက မေးလာသည်။ ထိုအခါမှ ဟူအာက ကျန်းမင်ရှီနတ်မင်က ဟူအာကို နတ်စွမ်းအား အသုံးပြုမှုကို ပြသပေးနေမှန်း သဘောပေါက်လိုက်၏။
“တွေ့လိုက်ပေမဲ့ နည်းစနစ်ကိုတော့ မသိဘူးလေ”
“ဒီဖြစ်စဉ်လေး တစ်ခုအတွက် အခြေခံနတ်စွမ်းအားသုံးတဲ့ မန္တန် ဘယ်နှစ်ခု အသုံးပြုလိုက်ရတာလဲ သိလား”
“ဟူအာ သုံးခုလောက်တော့ ရှိမယ်လို့ ထင်ပါတယ်”
ကျန်းမင်ရှီနတ်မင်းက မီးဖိုအသေးလေး တစ်ခုကို ကျောက်စားပွဲပေါ်သို့ တင်လိုက်ပြီးနောက် မီးသွေးအသေးလေး တစ်ခုကို ထုတ်ပြီး ထည့်လိုက်သည်။ မီးသွေးတုံးလေးက နီရဲလာ၏။ ပြီးနောက် ကျန်းမင်ရှီနတ်မင်းက အိုးတစ်လုံးကို ထုတ်ယူလိုက်ကာ အတွင်းမှ ရေနွေးကို ပွက်ပွက်ဆူလာသည်အထိ တည်လိုက်၏။
ထိုအရာအားလုံးက အချိန်ကာလအနည်းငယ် အတွင်းမှာ ဖြစ်သွားခြင်း ဖြစ်ကာ ရေနွေးဆူလာသည်နှင့် ကျန်းမင်ရှီနတ်မင်းက ရေနွေးကရားအိုးကို ထုတ်လိုက်သည်။ ရေနွေးကရားအိုးအတွင်းသို့ ခုနတုန်းက ပျိုးပန်းနီးပွင့်ဖတ်ကို အခြောက်ခံထားပြီး အိတ်အတွင်းသို့ ထည့်သိမ်းထားသည့် လက်ဖက်ခြောက်ကို ထုတ်ယူကာ ခတ်လိုက်၏။
ဆူနေသော ရေနွေးကို လောင်းထည့်လိုက်ပြီး ဟူအာကို မော့ကြည့်လာသည်။
“အစကနေ အဆုံးအထိ ဖြစ်စဉ်တစ်ခုလုံးမှာ အခြေခံနတ်မန္တန်တွေ အများကြီးကို ဆက်တိုက် သုံးသွားတာပဲ၊ ပန်းခူးတာက တစ်ခု၊ ပန်းပွင့်ခြွေတာက တစ်ခု၊ ပွင့်ဖတ်တွေကို နူးညံ့သွားအောင် လိမ့်လိုက်တာက တစ်ခု၊ နေရောင်ပြတာက တစ်ခု၊ ကျောက်မီးဖိုကို ထုတ်လိုက်တာကတော့ စိတ်နဲ့ စေခိုင်းလိုက်တာပေမဲ့ ကျန်တာကို အခြေခံနတ်မန္တန်နဲ့ ပြန်သုံးထားတယ်။ မီးမွှေးတာက တစ်ခု၊ ဆူခိုင်းတာက တစ်ခု၊ ဒီလက်ဖက်ရည်ကြမ်း တစ်အိုး ရလာဖို့တောင်မှ အခြေခံနတ်မန္တာန် ခြောက်ခု ခုနှစ်ခုလောက် အသုံးပြုရတယ်။ မင်းပြောကြည့် ကောင်းကင်နတ်တစ်ပါးအတွက် အခြေခံနတ်မန္တန်တွေက လိုအပ်သလား မလိုအပ်ဘူးလား”
