unicode
အခန်း (၆၇)
“မင်း မျက်လုံးကတော့ တကယ်ကောင်းလွန်းတယ်၊ ဒီလို စာအုပ်ကောင်းကို ချက်ချင်းပဲ မြင်နိုင်တယ်”
“ငါက မြေခွေးလေ”
“ငါတော့ မြေခွေးတွေက မျက်စိကန်းတတ်တယ်ပဲ ကြားဖူးတယ်”
“မင်းနေရာနဲ့မင်း ပြန်နေတော့၊ ငါ ဒါကို သေချာလေ့လာရမှာ”
ဟူအာ အတည်အတန့် ပြောလိုက်သည်နှင့် စာလုံးနတ်လေးက စာအုပ်လိပ်အတွင်းသို့ ခုန်ဝင်သွားကာ စာအုပ်ငယ်အတွင်း စာလုံးစိမ်းများက ထင်ရှားစွာ ပေါ်လာလေတော့၏။ ဟူအာက တစ်ချက်မျှ ဖြန့်ကြည့်လိုက်ပြီးမှ ကျန်းမင်ရှီအနားသို့ ရောက်လာကာ စာအုပ်လိပ်ကို ထောင်ပြလိုက်ရင်း၊
“ဆရာ ကျွန်တော်ရလာပြီ”
“ကောင်းပြီလေ ငါလည်း ဖတ်ဖို့ စာအုပ်တချို့ ယူရမယ်”
ကျန်းမင်ရှီ အနီးဆုံးက စာအုပ်လိပ်ငယ်လေးကို လှမ်းယူလိုက်တော့ ရိုကျိုးတတ်ဟန်တူသည့် နတ်ငယ်လေး တစ်ပါးက ပေါ်လာပြီးနောက် အရိုအသေပြုရင်း မေးလာလေသည်။
“ကျန်းမင်ရှီ နတ်မင်း ခင်ဗျား ကျွန်တော့်ကို ထပ်ပြီး လေ့လာအုံးမလို့လား”
ကျန်းမင်ရှီက ထိုစာအုပ်လိပ်ကို အင်္ကျီလက်အတွင်းသို့ ထိုးထည့်လိုက်ရင်းက ချိုသာစွာဖြင့် စကား ပြန်လည် ဆိုလေသည်။
“ဟုတ်တယ်လေ၊ ဘာလဲ ငါ လေ့လာတာကို မင်းက မကြိုက်ဘူးလား”
“ကျွန်တော် မဝံ့ရဲပါဘူး၊ ဒါပေမယ့် ကျန်းမင်ရှီ နတ်မင်းက အမှောင်ကိုးပါးကို တိုက်ထုတ်ဖို့ မလိုဘူးလေ၊ ဘာလို့ ကျွန်တော်တို့ကို အဆက်မပြတ်လေ့လာနေရတာလဲ”
ထိုအမေးစကားတွင်မူ ဟူအာ နှလုံးသားလေးက နူးညံ့သွားသလိုပင် ခံစားလိုက်ရလေသည်။ ဟူအာ သေမျိုးဒေသအတွင်းသို့ ဆင်းသက်တဲ့ ရက်အတွင်းမှာ သူ့ဆရာက သူ့ကို သင်ကြားပြသပေးဖို့ သူ(ကျန်းမင်ရှီ) လေ့လာဖို့ မလိုတဲ့ ပညာရပ်တွေကို အထူးတလည် ကြိုးကြိုးစားစား ဂရုတစိုက်နဲ့ လေ့လာနေခဲ့တာလား၊
“ငါ့မှာ တပည့်တစ်ဦး ရှိတယ်လေ၊ သူ့အတွက် လိုတယ်”
ကျန်းမင်ရှီက ဟူအာကို တစ်ချက်လှမ်းကြည့်လိုက်ပြီးမှ ထိုစာလုံးနတ်ငယ်ကို ချိုချိုသာသာပင် ပြန်လည် ဖြေကြားပေးလိုက်လေသည်။
