Unicode
အခန်း (၂၃)
သူ ပိုင်ဒေသက ဝိညာဉ်ပန်းနဲ့ ပြုလုပ်ထားတဲ့ သေရည်တွေကို သောက်နေကျ ဖြစ်သော်လည်း.. ဒီသေရည်ကို သောက်လိုက်ချိန်မှာ တစ်ကိုယ်လုံးက စီးမျောသွားသလို ခံစားလိုက်ရသည်။ ပြီးတော့ လှိုက်ခနဲ တက်ကြွလာသော ခန္ဓာကိုယ်က အပူရှိန်တစ်ခု.. အမှတ်မထင်ပဲ သေရည်ခွက် ကိုင်ထားတဲ့ လက်ကို လှမ်းကြည့်လိုက်တော့ အင်္ကျီစ လွတ်နေသော.. လက်ကောက်ဝတ်မှ မွေးရာပါ အမှတ်အသားလေးက ခရမ်းရောင်လေး လင်းလက်နေသလို မြင်လိုက်မိသည်။
သူ ယောင်အအဖြင့်.. လက်ကို မျက်နှာအနီးသို့ ဆွဲကပ်ကာ ကြည့်လိုက်မိတော့.. ထိုအလင်းလက်လက်လေးက သူမဟုတ်သလို ငြိမ်သက်နေသည်။ သူ နောက်ထပ် အရက်တစ်ခွက်ကို ထပ်သောက်လိုက်တော့.. အလင်းလေးက တစ်ချက် ပြန်လက်လာပြန်သည်။ ဒီသေရည်နဲ့ ဒီလက်ကောက်ဝတ်က အမှတ်အသားက ပတ်သတ်စရာ အကြောင်းလည်း မရှိပဲနဲ့..၊
လက်ကအမှတ်ကို ကြည့်လိုက် သေရည်ကို သောက်လိုက်နဲ့ သူ့ဘေးနားတွင် စိမ့်စမ်းပြာမှ သေရည်တွေ လေးအိုး ငါးအိုးမျှ ကုန်သွားသည်။ တစ်ခု ထူးဆန်းတာက သူခန္ဓာကိုယ်တွင်း ထူးခြားစွာ လည်ပတ်လာသော.. စွမ်းအား တချို့ဖြစ်သည်။ သူ့လက်အတွင်းမှ စွမ်းအားကို စမ်းကြည့်လိုက်သည်နှင့် နတ်စွမ်းအားတွေ တိုးလာတာကို သတိထားလိုက်မိ၏။
ဒါကြောင့်မို့.. စိမ့်စိမ်းပြာက နတ်ဘုရားမက သူ့သေရည်အိုးတွေ ကွဲသွားတော့ တန်ဖိုးကြီးတယ် ဆိုပြီး စွေ့စွေ့ခုန်နေတာကိုး..၊ ဒါပေမယ့် မကွဲပဲ ကျန်နေသော သေရည်အိုးတွေကို ပိုင်ဒေသက သေရည်တွေနဲ့ လဲယူသွားတာက ဘာကြောင့်မို့လဲ..၊ သူ အခန်းအပြင်သို့ ထွက်လာပြီး.. သူ့လက်အတွင်းမှ စွမ်းအား တချို့ကို စမ်းကြည့်လိုက်မိသည်။
ဝင်းခနဲ လက်ခနဲ သူ့လက်အတွင်းမှ စွမ်းအားတို့က အနီရောင် မဟုတ်ပဲ ခရမ်းရောင် ဖြစ်နေသဖြင့် သူ လန့်သွားပြီး.. လက်ကို ရုတ်လိုက်မိသည်။ သို့သော် နောက်ထပ် တစ်ကြိမ် ပြန်စမ်းကြည့်မိတော့.. အနီရောင် ဖြစ်နေတာကြောင့်.. သူ နှစ်သက်စွာ ပြုံးမိသည်။
ပိုင်ဒေသ နတ်တွေ အားလုံးက မြေခွေးဖြူများ ဖြစ်ကြပြီး နတ်စွမ်းအားက ဆင်စွယ်ရောင်ကဲ့သို့သော အရောင်မျိုး ဖြစ်သည်။ သူက.. မွေးလာကတည်းက နတ်စွမ်းအား အနီရောင်ကို အသုံးပြုနိုင်တော့ အဖေက သူ့ကို ထူးခြားသော နတ်စွမ်းအား ပိုင်ရှင်အဖြစ် အသိအမှတ်ပြုဖူးသည်။ သို့သော်.. ထိုနတ်စွမ်းအားများက မီးဖိုချောင်သုံး နတ်စွမ်းအားများသာ ဖြစ်နေတော့ အဖေက သူ့အား ဆရာသမား ကြီးကြီးမားမား ရှာဖွေပြီး အပ်နှံရမှာကို နောက်ဆုတ်ခဲ့သည်။
နောက်ထပ် တစ်ကြိမ် နတ်အစွမ်းကို ထုတ်သုံးလိုက်တော့ အနီလှိုင်းတွေ၏ အလယ်တွင် ခရမ်းရောင် လှိုင်းများက တောက်ပစွာ နေရာယူထား၏။ ဒါက ဘယ်လို နတ်စွမ်းအား မျိုးလဲ..၊ နတ်တစ်ပါးမှာ နတ်စွမ်းအား နှစ်မျိုး ထွက်တယ် ဆိုတာ သူ စာပေထဲမှာလည်း မတွေ့ဖူးပဲနဲ့..၊ နတ်မြေခွေးလို မြေပြင်က နတ်တစ်ပါးမှာ ဘယ်လိုများ နတ်အစွမ်းနှစ်မျိုးက ရောထွေနေတာလဲ..၊
သူ့ရဲ့ ဒီစွမ်းအား နှစ်မျိုးက အရင်ကလို မဟုတ်ဘူး ဆိုတာ သူ သေချာ မစမ်းရသေးပေမယ့် သိပ်ပြီး သိသာတယ်..၊ စွမ်းအားက ပြင်းထန်တယ်..၊ ထိန်းရလည်း ခက်တယ်..၊ အစွမ်းကို ထုတ်လိုက်တာနဲ့ တစ်နေရာရာကို အင်နဲ့ အားနဲ့ ပြေးသွားတော့မလို.. အရှိန်နဲ့ တိုက်ခိုက်တော့မလို ဖြစ်နေသေးတယ်..၊ ဒါက ဘယ်လိုက ဘယ်လို ဖြစ်လာတာလဲ..၊ ဒါက ဘာတွေများလဲ..၊ အတွေးတွေထဲ စိတ်နှစ်လိုက်သည်နှင့်..
“ကျိုးဟူ..”
“ကျိုးဟူ..”
“ကျိုးဟူ..”
“အား.. အ..”
မခံမရပ်နိုင်အောင် ခေါင်းတွေမူးလာပြီး လောကကြီးက ချာချာလည်လာသည်။ အဲ့ဒီ ကျိုးဟူ ဆိုတာကို ဘာလို့ အချိန်တိုင်း ကြားနေရတာလဲ..၊ အဲဒါက ဘယ်က နတ်လဲ..၊ နောက်ဆုံးတွင်တော့ သူ့အသံက ထိုနေရာ အနီးတစ်ဝိုက်တွင် ကျယ်လောင်စွာ ထွက်ပေါ်လာတော့၏။
“ကျိုးဟူက ဘယ်သူလဲ!!..”
“မင်း စိတ်လျော့လိုက်.. စိတ်လျော့လိုက်..”
သူ့ကို လာထိန်းရင်း ပြောနေတဲ့သူကို ကြည့်လိုက်တော့.. ကျန်းမင်ရှီ နတ်မင်း..၊
“ဘယ်လို ဖြစ်တာလဲ ဒီနေ့မှ မင်းက ကောင်းကင်အရောင်ဝါတွေ ထွက်နေပါလား..”
“ကျွန်တော် မသိဘူး.. ခေါင်းကိုက်တယ်..”
“စိတ်လျော့ထား.. စိတ်လျော့ထား..”
သူက ဟူအာကို တွဲခေါ်ပြီး ကျောက်တုံးလေး ပေါ်တွင် ထိုင်စေသည်။ ကျန်းမင်ရှီ နတ်မင်းက.. သူ့အခြေအနေကို အကဲခတ်နေရင်းမှ..
“မင်းမှာ ဘယ်လို ဖြစ်ပြီး မြေနတ်တစ်ပါးလို စွမ်းအား ဖြစ်နေလဲ ငါ မသိဘူး.. ဒါပေမယ့် မင်းသိလား.. မင်းက တကယ် ထူးဆန်းတယ်..”
“ထူးဆန်းတယ် ဆိုတာက အဲ့လောက် မဟုတ်ပါဘူး..”
“မင်းရဲ့ အစွမ်းကို ငါတွေ့သလောက် ငါမြင်ဖူးတဲ့ နတ်နှစ်ပါးရဲ့ စွမ်းအားနဲ့ တူညီနေတာ.. ဒါပေမယ့် နတ်က နှစ်ပါးနော်.. နတ်ဘုရားမဟုတ်ပေမယ့် သူတို့က နတ်ဘုရားတစ်ပါးလောက် နီးနီး အစွမ်းထက်တာ.. အဲ့လို နတ်နှစ်ပါးရဲ့ စွမ်းအားကို မင်းဆီမှာ တွေ့နေရတာ မင်းက တစ်ယောက်တည်းလေ.. အဲဒါက ထူးဆန်းတာပေါ့..”
“ကျွန်တော် ဘာမှမတတ်ဘူး ဆိုပေမယ့် ကျွန်တော် ဖတ်ဖူးသမျှကို ကျွန်တော် မမေ့သွားတဲ့ မှတ်ဉာဏ်မျိုး ကျွန်တော် ပိုင်ဆိုင်ထားတယ်.. အဲဒါမှာ.. ကျွန်တော် ရှာတွေ့ထားတဲ့ အကြောင်းအရာတွေ အရ.. နတ်တစ်ပါးတည်းကနေ ရောင်ဝါ နှစ်မျိုး ထွက်တယ် ဆိုတာက မဖတ်ဖူးဘူး.. ခင်ဗျား သိတဲ့ နတ်နှစ်ပါးနာမည်ကို ပြောပြပါလား..”
“ကောင်းပြီ.. ငါမင်းကို ငါ့တပည့် ဖြစ်လာရင်.. အားလုံး ပြောပြမယ်..”
ကျန်းမင်ရှီက အနိုင်ပိုင်းကာ ပြောလိုက်ပြီး အနိုင်ရသွားသောသူလို အပြုံးနှင့် ဘာစကားမှ ထွက်မလာတော့ပဲ တိတ်ဆိတ်သွားတော့၏။ ဟူအာက တိတ်ဆိတ်သွားပြီးမှ.. နှုတ်ခမ်းစွန်းလေး လှုပ်ရုံ ပြုံးသည်။ ထိုအပြုံးက အနိုင်ယူခါနီး ပြိုင်ဘက် တစ်ဦး၏ အပြုံးဟုပင် ကျန်းမင်ရှီ မှတ်ထင်မိလေသည်။ သို့သော်.. ဟူအာ ထိုင်နေရာမှ ထရပ်လိုက်ပြီး..
“ကျွန်တော် တောင်းဆိုတဲ့ အချက် သုံးချက်ကို လုပ်ပေးရင်.. ကျွန်တော် ဆရာအဖြစ် လက်ခံမယ်..”
ကျန်းမင်ရှီ နတ်မင်းက အနည်းငယ် မကျေမနပ် ဖြစ်သွားသော်လည်း.. ချက်ချင်းပင် ခေါင်းညိတ် လက်ခံလိုက်သည်။
“ပြော!!.. ငါက တစ်လောကလုံးမှာ အတော်ဆုံး နတ် မဟုတ်ပေမယ့်.. မင်းရဲ့ တောင်းဆိုမှုကိုတော့ ငါ ဖြည့်ဆည်း ပေးနိုင်ပါတယ်..”
“လွယ်မယ်လို့ တွေးထားတာလား..”
မေးလိုက်တာက သိပ်ပြီး မနှစ်သက်ဟန် ဖြစ်သော်လည်း.. ဒီနတ်မင်းက သူ့ဆရာ ဖြစ်လာလို့ သူ့အတွက် ကောင်းကျိုး မရှိနိုင်လျှင်တောင်မှ.. မကောင်းကျိုးတော့ ရှိလာမည် မဟုတ်ပေ။
“ကျိုးဟူ ဆိုတာ ဘယ်သူလဲ သိချင်တယ်..”
“ကျိုးဟူ.. ဘယ်သူလဲ.. ကျိုးမျိုးနွယ်မှာ လက်ရှိ နတ်တွေကို လက်ချိုးရေတွက်လို့ ရတယ်..”
“အဲဒါဆို ရေပြလေ..”
“ကျိုးမျိုးနွယ် နတ်တွေက များပြားတာမှ မဟုတ်တာ.. ငါ့အမျိုးတွေကိုသာ အစုံမသိရင်နေမယ်.. ကျိုးမျိုးနွယ်တွေ အားလုံးကိုတော့ ငါတို့ သိကြတယ်..”
“ကျွန်တော် သိချင်နေပြီ.. ခင်ဗျား ပြောတာ မှားနေရင် ကျွန်တော့်ကို တပည့်လို့ ခေါ်ဖို့ ဘယ်တော့မှ မကြိုးစားနဲ့..”
ဟူအာက ခြိမ်းခြောက်သလို ဆိုလိုက်တော့ ကျန်းမင်ရှီ နတ်မင်းက.. နှစ်လိုဖွယ် ပြုံးလိုက်ပြီးမှ..
“ကျိုးမျိုးနွယ် နတ်တွေကို ရေတွက်ရရင်.. ကျိုးရင်း.. သူ့ခင်ပွန်းက ယီမင်.. သားသမီး မရှိဘူး.. ကျိုးဖန့်သုန်.. ဇနီးနှစ်ဦး ရှိတယ်.. သမီးက ကျိုးလော့အော်.. သူက တကယ် ပြသနာ တော်သေးတယ်.. မြေပြင်နတ်နဲ့ ချစ်ကြိုက်သွားလို့.. ကျိုးဆစ်ကျီက ထားပါတော့.. သူက ပြောရခက်တယ်.. နောက်.. ကျိုးလျန်.. မင်းတို့ ကျောင်းအုပ်.. ဇနီးက ကောင်းကင်က တော်ဝင်မင်းသမီး.. သားသမီး သုံးဦး ရှိတယ်.. ကျိုးရန် ကျိုးယွီ.. ပြီးတော့ ကျိုးဖုန်း.. နောက်ပြီး.. ကျိုးရှီနဲ့ ကျိုးလွီက သေဆုံးပြီးတဲ့ နတ်ပဲ..”
“ကျိုးမျိုးနွယ်က ဆယ်ဦးပဲ ရှိတာလား..”
ဟူအာ ထပ်မေးတော့ ကျန်းမင်ရှီ နတ်မင်းက ခေါင်းညိတ်သည်။ ပြီးမှ..
“နဂိုရ်တည်းက ကျိုးမျိုးနွယ် နတ်တွေက သစ္စာ မေတ္တာကြီးမားတယ်.. ကျိုးရှီ နတ်မင်း ကိုယ်တိုင်က များပြားလှတဲ့ နတ်မိဖုရားတွေကို မလိုအပ်ဘူး.. ပြီးတော့ ကျိုးလွီ.. သူလည်းပဲ.. ကျိုးနတ်မျိုးနွယ် သမိုင်းမှာ.. ကျိုးဟူ ဆိုတာ ဘယ်မှာမှ မရှိဘူး..”
“ဒါနဲ့ ခင်ဗျားက ဒုတိယအဆင့် နတ်ဘုရား ဖြစ်ပြီးတော့ ဘာလို့ တတိယအဆင့် နတ်ဘုရားရဲ့ အမြင်ကို မကွယ်နိုင်တာလဲ..”
ဟူအာ ပြောချင်တာက ကျိုးရင်း ကျောင်းသို့ ဆင်းသက်တုန်းက မြင်သွားတာကို ဆိုလိုခြင်း ဖြစ်သည်။ တကယ်လည်း ဟူအာ ဒါကို မကျေနပ်ပေ။ တကယ်လို့ သူသာ ဆရာရှာမည် ဆိုလျှင် ကျိုးရင်း နတ်ဘုရားမထက် သာလွန်သော နတ်ဘုရားတစ်ပါး၏ တပည့်သာ ဖြစ်လိုသည့် အတွေး ရှိသည်။ ကျန်းမင်ရှီက ဟူအာကို ကလေးပေါက်စအား ကြည့်သော နှစ်လိုဖွယ် အကြည့်ဖြင့် ကြည့်လာပြီး..
“ကျိုးရင်းကို မင်းက ဘယ်သူ ထင်နေတာလဲ.. လက်ရှိ သူမက လောကမှာ အဆင့်တစ် နတ်ဘုရားမ ဒါမှမဟုတ်ရင် အဆင့်နှစ် ဖြစ်နိုင်တယ်.. သူမသာ.. နှစ်ဆို တစ်က အိမ်ရှေ့မင်းသား ယီမင်ပဲ.. သူမက တစ်ဆို နှစ်က ယီမင်လေ.. သူတို့ နှစ်ယောက် တစ်ခါမှ နတ်စွမ်းအား မပြိုင်ဖူးဘူးလို့ ဆိုတယ်..”
“အဲဒါဆို သူတို့ ဘာတွေ ယှဉ်ပြိုင်လဲ..”
“သူတို့က လင်မယားလေ.. သူတို့ အတူတူ နှစ်သက်တာကို ပြိုင်မှာပေါ့.. ဟား.. ဟား.. ဟား..”
“ခင်ဗျားက ပါးစပ်သရမ်းတဲ့ နတ်ပဲ..”
“မင်းသိချင်တာတွေ ပြောပြနေတာကို ငါ့ကို စွပ်စွဲတယ်..”
“ဘာပဲ ဖြစ်ဖြစ် ကျိုးဟူ ဆိုတာကို ခင်ဗျား သိအောင် သွားရှာလာခဲ့.. မဟုတ်ရင် ခင်ဗျားကို ကျွန်တော်.. ဆရာလို့ မခေါ်ဘူး..”
“ငါက ငါ့ထက် ဝါငယ်တဲ့ နတ်တွေဆီ အကူညီ တောင်းရမှာလား..”
“အဲဒါ ကျွန်တော် ကိစ္စ မဟုတ်ဘူး..”
ဟူအာ.. အခန်းအတွင်းသို့ ပြန်ရောက်လာတော့ မိုးသောက်တော့မည် ဖြစ်သည်။ ရောင်နီလာနေသော မနက်ခင်း ကောင်းကင်က လှပသေသပ်နေသည်။
“ကောင်းပြီ.. ငါမင်းအတွက် အဲဒါကို သိအောင် လုပ်ခဲ့မယ်.. ငါ့ကို စောင့်နေပါ..”
ကျန်းမင်ရှီ နတ်မင်းက ထွက်သွားတော့.. သူ အခန်းတွင်းဝယ်.. လှဲအိပ်လိုက်တော့သည်။ မှေးခနဲ အိပ်ပျော်သွားတော့.. သူက ဖန်လုံးတစ်ခုအတွင်းဝယ် ရောက်နေတာကို သတိထားလိုက်မိသည်။ ဘယ်လောက်ပဲ ပြေးပြေး ထိုဖန်လုံးအတွင်းဝယ် ရှိနေပြီး.. ခြောက်ခြားစရာ ကောင်းနေသည်။ သူ လန့်နိုးလာတော့.. သူ့ဘေးနားတွင်.. ရှောင်ညောင်က လက်ထောက်လျက် သူ့ကို ငေးကြည့်နေသည်။ သူ ထရပ်လိုက်ပြီးမှ.. သူမအား..
“မင်း သက်သာသွားပြီလား..”
“သက်သာသွားပြီ..”
“ငါတို့ အခန်းပြောင်းရမယ် ထင်တယ်..”
သူ ထင်သည့်အတိုင်းပင်.. သူက လမင်းရဲ့ကြယ်စင်သို့ ရောက်ရှိသွားပြီး.. ဆရာတွေက သူ့ကို အနည်းငယ်မျှ မကြည်လင်တာကို ခံစားမိသည်။ သို့သော် သူ့အား ဘယ်သူမှ ပြသနာ မရှာတာနဲ့ပဲ ကျေနပ်လိုက်ဖို့ တွေးရသည်။ သို့သော် ဘယ်သူကမျှ သူ့အား နတ်စွမ်းအင်နှင့် ပတ်သတ်ပြီး သင်ကြားမပေးပေ။
ဒါကိုလည်း သူ ကျေနပ်ဖို့ တွေးရသည်။ လမင်းရဲ့ကြယ်စင် စာသင်ဆောင်တွင် သူ့အား သီးသန့်ခန်း မပေးပဲ.. တခြားသော ကျောင်းသားများနှင့် ရောပြီး နေခိုင်းသဖြင့်.. ရှောင်ညောင်အတွက် ကုတင် မရှိပဲ လမင်းရဲ့ကြယ်စင် တောင်အောက်ရှိ သစ်ပင်များက သူနှင့် ရှောင်ညောင်အတွက် အိပ်ရာ ဖြစ်ခဲ့ရသည်။
သူအိပ်နေပြီ ဆိုလျှင် ရှောင်ညောင်က သူမ ယူလာသော ခေါင်းဖြီးနှင့် သူ့အမွှေးတွေကို ဖြီးပေးသည်။ ပြီးတော့ သူမ ဘယ်က ရမှန်း မသိသော အမွှေးဆီဖြင့် လိမ်းကျံပေး၏။ ဒီငတုံးမလေးက သူ အိပ်ဟန်ဆောင်နေတာကိုလည်း မသိသလို.. သူမ ဘာလုပ်လုပ် ဘာပြောပြော မသိဟန် ဆောင်နေတာကိုလည်း မသိပေ။
“သခင်က တကယ် ပြောရခက်တယ်.. ဒီက နတ်တွေနဲ့ လူသားတွေက သခင်ကို အရေးတောင် မလုပ်ဘူး.. စာသင်သား အချင်းချင်း မပြောနဲ့ ဆရာတွေကတောင် သခင့်ကို ခွဲခြားတယ်.. သခင် စိတ်မကောင်း ဖြစ်တယ် မဟုတ်လား.. စိတ်မကောင်း ဖြစ်လွန်းလို့ အမွှေးတောင် ကျွတ်ကုန်ပြီ..”
သူမအတွေးနှင့် သူမကတော့ မှန်ကန်နေပြီး.. သူ့အမွှေးကျွတ်နေတာကို သူမက စိတ်မကောင်း ဖြစ်နေသေး၏။ တစ်ခါတစ်လေ သူမက သူ့အား.. တကယ့် တိရိစ္ဆာန်တစ်ကောင်ဟု သတ်မှတ်ပြီး ကျောကိုပင် ပွတ်သပ် ပေးနေသေးသည်။
“သခင်က လက်သည်းတွေကို အသုံးပြုပြီး ကုတ်ခြစ်ပစ်သင့်တယ်.. ဒီနေ့ သခင်ကို တမင်သက်သက် ဆရာက အခက်ခဲ ဖြစ်စေတာ မဟုတ်လား.. သခင် နတ်အစွမ်း ညံ့မှန်း သိလို့ တိုက်ခိုက်ရေး ကျောက်တုံးကို ဓားဖြစ်အောင် ပြောင်းခိုင်းတာ..”
တကယ်ဆို.. အဲဒါကို သူ လုပ်လို့ ရနေပြီမှန်း သူမက မသိသေးပေ။ တခြား စာသင်သားတွေ ရှေ့တွင် သူ နတ်စွမ်းအား မထုတ်သုံးလိုသဖြင့်သာ မလုပ်နိုင်ဘူးဟု ပြောပြီး.. တခြားသော စာသင်သားတွေ ရယ်မောတာကို သည်းခံလိုက်ခြင်း ဖြစ်သည်။ သို့သော် သူမက အဲဒါကို မသိပဲ သူ လှောင်ပြောင်ခံရတာကို စိတ်မကောင်း ဖြစ်နေသည်။
သူ့ကိုယ်က မြေခွေးနီ ဖြစ်နေလျှင် လက်တစ်ပွေ့စာလေးသာမို့.. သူမက.. သူ့အား.. ပွေ့ပိုက်ပြီး ခေါင်းလေးကို ပုတ်လိုက် ကျောကို ပွတ်လိုက် လုပ်နေသည်။ အဲ့လို လုပ်နေတာက အိပ်နေလျှင် သိမည် မဟုတ်သော်လည်း.. သူက အိပ်ပျော်နေတာ မဟုတ်လေတော့.. ထိုသို့ ပြုလုပ်ခြင်းက နေရခက်လာပြီး.. အသက်ရှုတောင် ရပ်ထားလိုက်ရသည်။
“အာ!.. သခင်..”
သူမ ပွေ့ထားတဲ့ ဆီမှ သူက လူပုံစံ ပြောင်းလိုက်တော့.. သူမ၏ ပေါင်ပေါ်တွင် အိပ်လျက် ပေါ်လာတော့.. သူမက ထိတ်လန့်သွားပြီး.. သူ့အား မျက်တောင်တွေကို ပုတ်ခတ်လျက် ကြည့်လာသည်။ ထို့နောက် သူမက..
“သခင် ရှောင်ညောင် ဆူလို့ နိုးလာတာလား..”
သူ ခေါင်းယမ်းလိုက်သည်။ အိမ်ကနေ ခွဲလာခဲ့ပြီးမှ ဟုန်ရွယ်က သူ့ထက် စာရင် တခြားလူတွေကို ပိုပြီး အရေး ပေးတတ်လာသဖြင့်.. သူ အထီးကျန်စွာ တစ်နေ့တာတွေကို ဖြတ်သန်းလာသမျှ.. အနားတွင် သူမလေးက အစဉ်မြဲ ရှိနေပေးခဲ့သည်။ တကယ်လို့ သူမလေးသာ ရှိမနေခဲ့လျှင်.. သူ ဆိုတာက ပျက်စီးဆိုးသွမ်းသွားမလား.. ဒါမှမဟုတ်.. အထိန်းအကွတ် မရှိပဲ.. ညံ့ဖျင်းသွားမလား.. မပြောနိုင်ပေ။
အရှည်အတို မညီညာသော ဆံနွယ်များနှင့် သူမ..၊ နဖူးပြင် ပြေပြေလေးနှင့် သူမ..၊ မျက်ခုံးထူထူ.. မျက်တောင်စင်းစင်း ထူထူ ပိတ်ပိတ်နှင့် သူမ..၊ အနီရောင်ကဲသော.. မျက်ဝန်းအရောင်များနှင့် သူမ..၊ နှာတံက စင်းဖြောင့်နေတာ မဟုတ်သော်လည်း.. ရှည်လျား ကော့ချွန်နေသော သူမ..၊ နှုတ်ခမ်းပါး ရဲရဲလေးများက အစဉ်မြဲ နီထွေးနေတတ်သည့် အပြင်.. ဒေါသထွက်တိုင်း နှုတ်ခမ်းတွေ စူထွက်လာတာက တစ်မျိုး ချစ်စဖွယ် ကောင်းသည်။ အစဉ်အမြဲ ဖရိုဖရဲ ဖြစ်နေတတ်သည့် ပုံစံလေးကကို သူ့မျက်စိထဲ ကြည့်လို့ လှနေသည်။
ထို့ကြောင့်သာ ကျောင်းရှိ တခြားသော စာသင်သားများက သူမအား မျက်နှာသာပေးတတ်သည်။ တစ်ခါတစ်လေ မျက်နှာလွဲဖို့ ကြိုးစားမိသော်လည်း.. တစ်ခါတစ်လေကျ သူမကို မာန်မဲမိသည်။
“ညောင်အာ..”
ခေါ်လိုက်တာက အလွန်အမင်း နူးညံ့သော လေသံမို့ သူမ ကိုယ်လေး တွန့်ခနဲ ဖြစ်သွား၏။ ပြီးမှ သူမကိုယ် သူမ လက်ညိုးလေးဖြင့် ထိုးပြီး မျက်တောင်ခတ်သည်။ သူမက မျက်တောင် သိပ်မခတ်သော နတ်ဖြစ်သဖြင့်.. သူမ မျက်တောင်ခတ်တိုင်း ဒါက သူမနားမလည် လိုက်တာ.. ဒါမှမဟုတ် အမှားတစ်ခုခု ပြုမိထားတာသာ ဖြစ်တတ်၏။
×××××××××
Paid Group Book 1, Book 2, Book 3ကို ရောက်နေပါပြီ
Paid Group ဝင်လိုပါက လင့်လေးကို နှိပ်ပြီး ဆက်သွယ်ကာ Member ကြေးသွင်းပြီး ဝင်နိုင်ပါပြီ။
m.me/swaefoxlove
YOU ARE READING
မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီ
FantasyPaid Groupဝင်ရန် m.me/swaefoxlove ရေးသူ စွဲ့ညို့