unicode
အခန်း (၇၂)“ကျွန်တော်ပါ”
ယီမင် ရင်းအာကို သလွန်ပေါ်တွင် ထိုင်ရန် ကူညီလိုက်ပြီးနောက် သားအမိနှစ်ဦးကြားတွင် မတ်မတ်ရပ်လိုက်သည်။ ပြီးနောက် မေးခွန်းတစ်ခုကို မေးလိုက်သည်။
“ဘာလို့လဲ”
“သူက ကျွန်တော့်ကို အရင်ဆုံး ဒုက္ခပေးလာတာ၊ အဲဒါနဲ့ ကျွန်တော်က သူ့ကို တက်စီးလိုက်ပြီးတော့”
ထစ်အ ထစ်အဖြင့် ရှင်းပြနေပေမယ့် ယီမင် နားလည်နေပြီ ဖြစ်လေသည်။ ဒီကောင်လေးကို ရန်လွေ့က နည်းနည်းပါးပါး ရန်လုပ်လိမ့်မည်။ ထိုသည်ကို ဒီကောင်လေးဟာ ချက်ချင်းကို တုန့်ပြန်ချက် ကောင်းကောင်း တစ်ခုကို ပြန်ပေးလိမ့်မည်။
မထင်မှတ်ထားသည်က ကောင်းကင်နယ်နိမိတ်စည်းကို ဝင်တိုက်မိပြီး ကောင်းကင်မင်းကြီးကို စိန်ခေါ်မိလိမ့်မည်ဟုပင်၊ အခုတော့ ကောင်းကင်ညီလာခံ၏ ကြီးကျယ်သော ပြသနာတစ်ခုသည်က ဒီကောင်လေးကြောင့် ဖြစ်ပေါ်လာခဲ့သည်တဲ့လား။
“သူ့ကို အဓမ္မစီးနင်းပြီးတော့ ကောင်းကင်နယ်နိမိတ်ကို ဝင်တိုက်တာလား”
အတိအကျ ခန့်မှန်းမိပြီး မေးလိုက်တော့ ကျိုးဟူက ခေါင်းလေးပါ ငုံ့သွားလိုက်ပြီးနောက် တိုးတိုးလေး ပြန်ဖြေလာလေသည်။
“အဲလိုပဲ ဖြစ်သွားတယ်”
ယီမင်ကတော့ ဒီသားတစ်ယောင်ရဲ့ ပြသနာ ရှာနိုင်မှုကို နားလည်နေပြီ ဖြစ်လေသည်။ ဖခင်ဖြစ်ရသည်က ဘယ်မှာများ လွယ်ကူနေပါလိမ့်မလဲ။ အထူးသဖြင့် သူ့အမေဆီကနေ အမူအကျင့်များ အစကနေ အဆုံးထိ ရရှိနေသော သားတစ်ယောက်ကို ပိုင်ဆိုင်ထားရတယ် ဆိုရင်ပေါ့။
“မင်း ကောင်းကင်ကို ပြသနာ ရှာရတာ တော်တော်ကြိုက်တာပဲလား”
ထပ်မေးလိုက်တော့ ကျိုးဟူက ခေါင်းကို မော့မလာပဲနှင့် ခေါင်းကို အသာလေး ယမ်းခါပြလေသည်။ ပြီးတော့ မျက်ခွံလေးကို အသာလေး လှန်ကြည့်သည်။ မသိလျှင်ပင် နဂါးစစ်စစ်ကနေ ကြောင်ငယ်လေးအသွင်ဖြင့်၊ ဒီဟာလေးကို ဒီလို မျက်နှာပေးနဲ့ ယီမင် ဘယ်လိုများ အပြစ်ပေးနိုင်မှာလဲ။ ဒါတောင် သူက အတွန့်တက်ချင်လာသေးသည်။
