unicode
အခန်း-၁၃၂ကောင်းကင်၏ နေ့နှင့်ညက ပြောင်းလဲခြင်း မရှိသော်လည်း ကျန်းမင်ရှီက ထိုနေရာတွင် ထိုင်နေသည်က နှစ်ရက်တာမျှ ကြာသွားပြီဖြစ်ကြောင်းကိုတော့ သတိပြုမိပါသေးသည်။ သို့သော် သူက သစ်ပင်ပေါ်တွင် အိပ်နေသည့်သူကို နိုးရန် အတွေးအနည်းငယ်မျှပင် မရှိပေ။
ထိုအစား ဖတ်လက်စ စာအုပ်များက တစ်အုပ်ပြီး တစ်အုပ် ပြောင်းသွားပြီး ရေနွေးအိုးကလည်း တစ်အိုးပြီး တစ်အိုး ပြောင်းသွားသည်။
သုံးရက်မြောက် ညနေတွင်တော့ သစ်ပင်ပေါ်တွင် အိပ်စက်နေသော ဟူအာက နိုးလာ၏။ သစ်ပင်ကလည်း လူးလိမ့်၍ ရနိုင်သည်အထိ ကွေးညွှတ်ထားပေးပြီး အလင်းကာထားပေးရာမှ ပြန်လည် ထောင်မတ်သွားပြီ ဖြစ်သည်။
ဟူအာ သစ်ပင်ပေါ်မှ ဆင်းလာသည်နှင့် ဆရာဖြစ်သူ ကျန်းမင်ရှီနတ်မင်းက ဖျတ်ခနဲ မျက်လွှာပင့်ကြည့်လိုက်ပြီးနောက် ပြောလာသည်။
“ငါ ဒီအပင်ကို မင်းရဲ့နန်းဆောင်ကို ပို့ပေးဖို့ လိုမလား”
ကျန်းမင်ရှီနတ်မင်းက ပြောလိုက်သည်တွင် လရောင်မျှော်ငေးသစ်ပင်က သုံးရက်တာမျှ အရွက်ဟောင်းများကို မခါချခဲ့သည်တွင် လှုပ်ယမ်းခါချပစ်လေသည်။
“ငါ့စိတ်ထင် သူ့ကို ငါက ငါ့စွမ်းအားကို သုံးပြီး ကြီးထွားစေခဲ့တာလိုလိုပါပဲ။ သူက မင်းကိုကျ သိပ်မျက်နှာလိုက်လွန်းတယ်”
“ဆရာ ကျွန်တော် အတော်လေး အိပ်မောကျသွားတယ်နဲ့တူတယ်”
“ဘယ်ကသာ မင်းက သုံးရက်လောက်ပဲ အိပ်သွားတာပါ၊ မင်းအမေဆိုရင် နှစ်တစ်ထောင်တောင်မှ အိပ်တတ်တာ”
“အဟမျ့.. အဟမျး..”
ကောင်းကင်နတ်များက အိပ်စက်ခြင်းဖြင့် နတ်စွမ်းအားနှင့် အသက်ဓာတ်ကို ပြန်လည်ဖြည့််တင်းကြသည်ဟု ဆိုနိုင်သည်။ သို့သော် ကျိုးမျိုးနွယ်နတ်တို့၏ အိပ်စက်ခြင်းကတော့ အပန်းဖြေခြင်း သက်သက်သာ ဖြစ်ပေသည်။
အိပ်စက်ခြင်းနှင့် ပတ်သတ်၍ ထပ်မံ ပြောရလျှင် နတ်အသက်ဓာတ်၊ နတ်စွမ်းအားက ကြီးမြတ်မြင့်မားလှသည့် အဆင့်သို့ ရောက်သွားသည်နှင့် အိပ်စက်ခြင်းက အသိစိတ်လွှတ်သွားခြင်း အဆင့်သို့ ရောက်သွားခြင်း မဟုတ်တော့ပေ။ ထိုအစား အသိစိတ်ရှိနေမည်သာ ဖြစ်ပြီး နတ်ခန္ဓာကိုယ်ကို အနားပေးရုံမျှသာ ဖြစ်ပေသည်။
