unicode
အခန်း-၁၂၃ရှောင်ဇီအာက ထိုအဖြေကို မလုံလောက်သေးဟန် တူသည်။ သို့သော် စံအိမ်တော်အတွင်း ရောက်လာပြီဖြစ်လို့ တိတ်ဆိတ်သွားသည်။
“မင်းတို့ ရောက်လာပြီ ဆိုမှတော့ ပထမစံအိမ်တော်ကိုပဲ သွားတာပေါ့၊ အရင်ဆုံး နတ်ငယ်လေးကို သွားမကြည့်ဖို့တော့ လိုလိမ့်မယ်”
ကျိုးရင်းနတ်ဘုရားမက အရှေ့ဆုံးမှ သွားနေရင်းမှ လှည့်ပြီး ပြောလာသည်။ ရှောင်ဇီအာက နားမလည်နိုင်ဟန်ဖြင့် ပြောသည်။
“ဘာဖြစ်လို့လဲ”
ကျိုးရင်းနတ်ဘုရားမက ရှောင်ဇီအာကို မသိတတ်သော နတ်သူငယ်လေး ကလေးငယ်ကို ကြည့်လိုက်သော အကြည့်မျိုးဖြင့် ကြည့်ပြီးနောက် ပြောလာသည်။
“ငါ့ အစ်ကိုကြီးက သူ့သားကို ဖွက်ထားချင်နေတာလေ။ ဒီတော့ သူ့ကို အနှောင့်အယှက် မပေးတာ အကောင်းဆုံးပေါ့။ ငါ မင်းတို့ကို သူ့ဆီ ခေါ်သွားပေးမယ်။ ကျန်တာကို မမေးနဲ့ စကားလည်း အမှားမပြောနဲ့”
ဟူအာ ခေါင်းညိတ်ပြလိုက်သည်။ သူမက ဟူအာကို စေ့စပ်စွာ ကြည့်လာပြီးနောက် ယဲ့ယဲ့လေး ပြုံးသည်။ တစ်ခုခု ပြောမလို ဟန်ပြင်လိုက်ပြီးမှ လှည့်သွားသည်။
ကျိုးရင်းနတ်ဘုရားမ အနောက်မှ လိုက်လာပြီးနောက် ကျောက်စိမ်းများဖြင့် စီခြယ်ထားသော စံအိမ်တော်တစ်ခု အရှေ့သို့ ရောက်လာသည်။ ထိုခန်းမဆောင်အရှေ့တွင် ကျောက်ခတ်စံအိမ်တော်ဟု ရေးထိုးထားသည်။
“အစ်ကိုကြီး ကျွန်မ ဧည့်သည်ခေါ်လာတယ်”
ကျိုးရင်းနတ်ဘုရားမက ထိုအထဲသို့ လှမ်းဝင်လိုက်ရင်း စကားပြောလိုက်သည်။
ကျိုးဖုန့်သုန် နတ်မင်းက မှင်တံကို ကိုင်ထားပြီး တစ်ခုခုကို ချရေးနေရာမှ ဟူအာတို့ကို မော့ကြည့်လာသည်။ မျက်ခုံးထူထူ တစ်စုံက တွန့်ကွေးနေပြီး မေးမြန်းလာသည်။
“ကိစ္စရှိလို့လား”
မေးမြန်းသံက အနည်းငယ် စိတ်မရှည်ဟန် ပေါက်နေသည်။ ထိုနတ်မင်းက တကယ်ပင် စိတ်ဆိုးနေဟန် ရှိသည်။
