unicode
အခန်း ၁၁၀ဟူအာ ပြန်ဖြေလိုက်သော စကားကို ကျိုးဖုန်းက အလေးအနက် ထားဟန် မရှိပေ။ ထိုအစား သူမက ရွှေရောင်ပုံရိပ်ကို လက်ညိုးထိုးပြပြီးနောက် ပြောသည်။
"စပြီ စပြီ မင်း ခဏစောင့် သူတို့တွေက ငြင်းခုန်ကြလိမ့်မယ်"
ကျိုးဖုန်းက နတ်များငြင်းခုန်ကြမည့်အရေးကို အလွန်အမင်း ဝမ်းသာအားရ ဖြစ်နေဟန် တူသည်။ ကျိုးဟူ သက်ပြင်းချလိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။
စင်မြင့်သဏ္ဌာန်ပေါ်သို့ အနည်းငယ် ရင့်ကျက်သော နတ်တစ်ပါးက တက်လာပြီးနောက် စကားစတင် ပြောလိုက်သည်။ ထိုနတ်က သိသိသာသာပင် မြေနတ်ဖြစ်၏။
"ဒီနေ့ရဲ့ အထူးအစီအစဉ်အရ နှစ်ပေါင်းနှစ်သန်းနီးပါး အသက်ရှည်ပြီဖြစ်တဲ့ မြေနတ်သား ထျန်းရန်ရဲ့ အထူးဂီတပွဲ ရှိသေးတယ် ဆိုတာကို ပထမဆုံး ကြေငြာချင်ပါတယ်"
"အို.. အဲဒီမြေနတ်က လုံးဝ အရွယ်တင်တယ်နော်"
"အင်း.. ငါကြားဖူးတယ်"
"ထျန်းရန်နတ်သားက မြေနတ်တွေထဲမှာ အရွယ်အတင်ဆုံးပဲ၊ ပြောရရင် သူက ကျိုးရင်းနတ်ဘုရားလောက် ရှိပြီတဲ့ သူ တကယ်အရွယ်တင်တယ်လို့ ပြောလို့ ရတယ်"
"အင်း"
စင်ပေါ်မှ ထိုနတ်က ထပ်မံ၍ ကြေငြာချက် တစ်ခုကို ထုတ်ပြန်လိုက်သည်။
"ဒီနေ့မှာ လာရောက်တဲ့သူတွေက ချစ်ခင်ရတဲ့ ဆွေမျိုးတွေ ဒါမှမဟုတ် ကိုယ်ရောဂါ မဖြစ်စေချင်တဲ့သူ တစ်ယောက်ယောက်က မသင့်တော်ဘူးလို့ သင်တို့ သတ်မှတ်ထားတဲ့ ရောဂါတစ်ခုခု ဖြစ်နေမယ်လို့ ထင်မိပါတယ်၊ ဖြစ်နိုင်တာက အဲဒါကြောင့်မို့ ဒီနေ့ရဲ့ ဆေးသမားတော် ပွဲတော်ကို ရောက်လာတာ ဖြစ်နိုင်လိမ့်မယ်"
ဟူအာ တီးတိုး ရေရွှတ်လိုက်မိသည်။
"ဆေးသမားတော်ပွဲနဲ့ ထျန်းရန်နတ်သားကို ငါ ဆက်စပ်လို့ မရဘူး"
"ဆယ့်ငါးထပ်က နတ်သားငယ်လေး ပြောတာကို ကျွန်တော် သေသေချာချာ ကြားလိုက်ပါတယ်"
ရုတ်တရက် ဟူအာ ရောက်နေသော ဆယ့်ငါးထပ်မြောက်ကို တိတိကျကျ ပြောလိုက်တော့ အားလုံးသော အကြည့်များက ဟူအာထံသို့ ကျရောက်လာသည်။ ကျိုးဖုန်းပင်လျှင် ဟူအာကို မသိသည့်သူကဲ့သို့ လှည့်ကြည့်လာသည်။
