zawgyi
အခန်း-၁၀၂
အိမ်ရှေ့မင်းသားက ချင်းရန်နတ်မင်းကို ပြောပြီးသည်နှင့် အနောက်ပိုင်းရေဘုရင် အနောက်သို့ လိုက်ပါသွား၏။ ချင်းရန်နတ်မင်းက ဟူအာအနီးသို့ တိုးကပ်လာပြီး ပြောသည်။
“ငါတို့ ဒီနေရာတစ်ဝိုက်ကို အခြေအနေ လိုက်ကြည့်ရအောင်..”
ဟူအာက မြေခွေးဖြစ်ခဲ့ဖူးသည့်တိုင် မတုံးအပေ။ အိမ်ရှေ့မင်းသား၏ ရည်ရွယ်ချက်ကို ရှင်းလင်းစွာ သိမြင်နိုင်သေးသည်။ သို့သော် ထိုရည်ရွယ်ချက်ကို အနောက်ပိုင်းရေဘုရင်ကလည်း သိမည်မှာ သိသာထင်ရှားသည်။
အစကတည်းက ကြိုတင်ပြင်ဆင်ပြီး ဖုံးကွယ်သင့်သည်များကို ဖုံးကွယ်ပြီး ဖြစ်ကောင်း ဖြစ်နိုင်သေး၏။ ထို့ကြောင့် ဟူအာက အမှန်ပင် လာရောက်လည်ပတ်နေသကဲ့သို့ သရုပ်ဆောင်ရန် လိုအပ်ပေသည်။ ထိုသရုပ်ဆောင်မှုက ပီပြင်ရန်လည်း လိုအပ်သေး၏။
ချင်းရန်နတ်မင်းက ဟူအာကို အရှေ့မှ ဦးဆောင်ပြီး ခေါ်ဆောင်သွားသည်။ လမ်းတစ်လျှောက်ရှိ ရေနေအပင်ငယ်များ သတ္တဝါငယ်များကို နှုတ်တိုက်ရေရွတ် ရှင်းပြပေးသွား၏။ အနောက်ပိုင်း ပင်လယ်နှင့် အရှေ့ပင်လယ် ဆက်စပ်နေသော ပင်လယ်ရွာအနီးသို့ ရောက်ရှိလာသည်။
ထိုပင်လယ်ရွာ၏ ရွာသားများက ပြာသော အဆင်းရှိသည့် အသားအရေကို ပိုင်ဆိုင်ထားကြသည်။ သူတို့၏ ပုံပန်းသဏ္ဌာန်မှာ သေမျိုးများနှင့် ဆင်တူသော်လည်း ကြမ်းတမ်းသော အသွင်အပြင် ဖြစ်နေသည်။
ထိုရွာသားများ၏ မူလသဏ္ဌာန်မှာ ရေနေငါးများ၊ ပုဇွန်များ၊ ဂဏာန်းများ၊ ခရုများ ဖြစ်ကြပြီး တခြားသော ရေနေသတ္တဝါငယ်များလည်း ရှိကြသည်။
ချင်းရန်နတ်မင်းနှင့် ဟူအာ ထိုသို့ ရောက်သွားကြတော့ ထိုရွာသားများက ထူးဆန်းအံ့ဖွယ်သော အရာကို မြင်တွေ့သကဲ့သို့ အပြေးအလွှား ရောက်လာကြသည်။ ထိုရွာသားများထဲမှ မိန်းမပျိုများမှာ ဟူအာကို မြင်တွေ့ပြီးနောက် အနီးသို့ပင် တိုးကပ်လာပြီး စမ်းသပ်ကိုင်တွယ်လိုဟန်ပင် ပြသကြသေးသည်။
“သူတို့က ကောင်းကင်နတ်တွေကို မမြင်ဖူးကြဘူးလား”
ဟူအာ ထိုစကားကို တီးတိုးမေးလိုက်တော့ ချင်းရန်နတ်မင်းက ခေါင်းညိတ်သည်။
