အခန်း (၅၈)
ဒီစာကြည့်ခန်းအတွင်းမှ ပြင်ဆင်ချက် အားလုံးသည် ကျိုးဖန့်သုန် နတ်မင်း၏ အသက်ဓာတ်နှင့် တွယ်ဆက်ထားမှန်း သိသိသာသာပင် အားကောင်းလွန်းလေသည်။ ကျိုးဖန့်သုန် နတ်မင်းက ဘယ်အရေးမှ ဝင်မပါလို၍ ဝင်မပါသော်လည်း နတ်စွမ်းအား အားဖြင့် နိမ့်ပါးခြင်းတော့ လုံးဝပင် မရှိပါလေ။“အိမ်ရှေ့မင်းသား ဒီမှာ စိတ်ချလက်ချ ပြောဆိုဆွေးနွေးလို့ ရပါတယ်”
“ရင်းအာ မသိသေးဘူး”
“နားလည်ပါပြီ၊ သိတယ် ဆိုရင် ဒီကောင်မလေး ဒီလို နေနေမှာ မဟုတ်ဘူး”
ဒီကောင်မလေး ဆိုသော အခေါ်အဝေါ်အရ ရင်းအာကို သေးငယ်သည်ဟု မှတ်ထင်မိစေသော်လည်း ခေါ်ဆိုသူက သူမ၏ အစ်ကိုကြီး၊
“အခု သူက ဝိဉာဉ်နှစ်ခု မညီမျှမှုလည်း ရှိနေတယ်”
“ဘယ်လို ဖြစ်တာလဲ”
“ရင်းအာက ကောင်းကင်သန္ဓေသားအတွင်းကို ထည့်တော့ ဝိဉာဉ်ရှစ်ခုလုံးကို နိုးပေးလိုက်ပြီးမှ အသက်ဝင်အောင် လုပ်ပေးလိုက်တယ်”
“ဒီကောင်မလေး အလွယ်ကြိုက်တာ တော်ရုံတန်ရုံ မဟုတ်ဘူး”
“သလင်းဂူက ကိစ္စ အဖြေက အရှင်နတ်မင်းရဲ့သမီး ကျိုးလော့အော်”
“လော့အော်၊ ဒီကလေးမက အခုထိ မိုက်မဲတာတွေ လုပ်နေတုန်းပဲလား”
“ဆစ်ကျီ နတ်မင်းကတော့ သူမကို သတိပေး ပြောဆိုပြီး အပြစ်ပေးမယ်လို့ ပြောပါတယ်”
ဆစ်ကျီနတ်မင်း၏ သဘောထားကို ကျိုးဖန့်သုန်နတ်မင်းသည်လည်း သိနားလည်နှင့်ပြီးဟန် တူလေသည်။ သို့နှင့် မည်သို့မျှ မှတ်ချက် မပေးသော်လည်း သက်ပြင်းသဲ့သဲ့ကိုသာ ချတော့သည်။
“တလီကျိုးဟူက ပိုင်ဟုန်ဟူ အဖြစ်နဲ့ မွေးဖွားလာပြီးတော့ ပိုင်ဒေသရဲ့ မင်းသားငယ် အဖြစ်နဲ့ ကြီးပြင်းလာခဲ့ပါတယ်၊ ဟိုတစ်လောတုန်းကမှ ပိုင်ဟုန်ဟူက အားနည်းသွားတယ် ထင်တယ်၊ ကျိုးဟူက ပေါ်ထွက်လာခဲ့တယ်”
“သူတို့ နှစ်ယောက်မှာ ပင်မဝိဉာဉ်က ဘယ်သူလဲ”
“ယီမင် မသိပါဘူး၊ ရင်းအာ ဆိုရင်တော့ သိနိုင်မှာပါ၊ ဒါပေမယ့် ရင်းအာ ရုတ်တရက်ကြီး သိသွားရင် မလိုလားတာတွေ ဖြစ်လာမှာ စိုးတာနဲ့ ယီမင် ဖုံးကွယ်ထားခဲ့ပါတယ်”
