unicode
အခန်း ၉၃
ဟူအာ ထိုင်နေရာမှ ထရပ်လိုက်ပြီး အမေ့ရှေ့တွင် ဒူးထောက်လိုက်သည်။ အမေက ဟိုဘက်သို့ လှည့်သွားသည်။ အမေ ငိုနေပြီ ထင်သည်။
“ဟူအာ အမေ့ကို နှုတ်ဆက် ကန်တော့ပါတယ်..”
ဟူအာ မတ်တပ်ရပ်လိုက်ပြီးနောက် ကျောခိုင်းလိုက်သည်။ ပြီးနောက် အမေ့ကိုသာ ခပ်တိုးတိုး နှုတ်ဆက်လိုက်၏။
“ဟူအာ နှုတ်ဆက်ပါတယ်”
ကျောခိုင်းလိုက်ပြီးမှ အနောက်သို့ ပြန်လှည့်မကြည့်မိအောင် ထိန်းသိမ်းထားရသည်။ ပြန်လှည့်ကြည့်ပါက ဟူအာ ထိုနေရာမှ မထွက်သွားချင် ဖြစ်လိမ့်မည်။
လုံဆစ်က အနောက်ကနေ တိတ်ဆိတ်စွာ လိုက်ပါလာ၏။ အရှေ့ပင်လယ်အနီးသို့ ရောက်ပြီးမှ ဟူအာ ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ အရှေ့ပင်လယ်အထိပင် ဟူအာ မည်သို့ ရောက်လာမှန်း မသိတော့ပေ။
အတွေးများနေသဖြင့် အရှေ့ပင်လယ်အနီးတွင် ရပ်တန့်လိုက်ပြီး ရေလိုင်းသဏ္ဌာန်လမ်းကြောင်းကို မြင်လိုက်ရသည်။ ထိုလမ်းကြောင်းသို့ တစ်ကြိမ် ရောက်ဖူးသလို ခံစားမှုက သူ့ရင်ထဲတွင် ကြီးစိုးလာသည်။
သေချာသည်မှာ သူက အရှေ့ပင်လယ်တွင် လည်ပတ်ဖူးသော်လည်း ထိုရေလမ်းကြောင်းက မြေခွေးတစ်ကောင် ဖြစ်သော သူ့အတွက် မသင့်တော်သဖြင့် ထိုနေရာသို့ ဝင်ရောက်ဖူးခြင်း မရှိသည်က သေချာသည်။
“အရှင့်သား ရေလမ်းကြောင်းကို သွားမလို့လား”
လုံဆစ်က မေးမြန်းလာသည်။ ဟူအာ အသံတိတ်နေလိုက်ပြီး ခေါင်းညိတ်လိုက်သည်။ မဟုတ်လည်း ကောင်းကင်နန်းတော်သို့ မြန်မြန်ကြီး ပြန်မသွားချင်တာ သေချာနေသည်။
လုံဆစ်က ထိုမေးခွန်းတစ်ခုမျှသာ မေးပြီးနောက် ထပ်မမေးတော့ပေ။ ဟူအာ ရေလမ်းကြောင်းပေါ်သို့ ခြေချလိုက်သည်နှင့် နှစ်သက်သော စိတ်က အလိုအလျောက် ဖြစ်ပေါ်လာသည်။ မသိလျှင် ဟူအာက နဂါးတစ်ကောင် ဖြစ်နေသည့်အလား။
ဟူအာ၏ ခန္ဓာကိုယ်က ရေနေတန်းခိုးရှင် မဟုတ်သည်မှာ သေချာသည်။ ဟူအာက အမြုတေ မရှိသလို မူလသဏ္ဌာန်လည်း မရှိပေ။ သို့သော် လက်ရှိတွင် ခံစားမိသည်က ထိုရေလမ်းကြောင်းမှ ရေလှိုင်းလုံးများ အကြားတွင် ပျော်ရွှင်စွာ မွေ့လျော်ချင်စိတ် ဖြစ်၏။

YOU ARE READING
မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီ
FantasyPaid Groupဝင်ရန် m.me/swaefoxlove ရေးသူ စွဲ့ညို့