အခန်း {၈}

16.6K 1.2K 34
                                    

နှစ်သိမ့်ပေးရမလား ငြိမ်နေရမလားမသိတဲ့ အခြေနေတစ်ရပ်ကို ဇာမဏီပိုင်ဆိုင်ထားရသလိုခံစားလိုက်ရသည်။
ထိုခဏနေလေးအတွင်းမှာပဲ မှိုင်းရဲ့ နာကျင်နေတဲ့အပြုံးကနေ မှိုင်းရဲ့မူပိုင်အပြုံးလေးအဖြစ်ကို ကူးပြောင်းသွားသတဲ့။ ဇာမဏီသံသယဖြစ်မိပါ၏။ ဇာမဏီမြင်နေကျ မှိုင်းရဲ့အပြုံးတွေက အပြုံးစစ်မှဟုတ်ရဲ့လားလို့ပင်။

"ဖွားဖွားကတော့ တခြားကလေးတွေလိုသွက်သွက်လက်လက်မရှိပဲ ထုံတေမှိုင်းတိုင်းနေလို့ မိမှိုင်းလို့ခေါ်တယ်ကွယ်။ အဲ့နာမည်နှစ်ခုပေါင်းသွားတော့ အာရုံမှိုင်းဆိုတဲ့ နာမည်ရလာတာပဲ ငှက်လေးရယ်"

သွားညီညီလေးတွေပေါ်တဲ့အထိ မှိုင်းတစ်ချက်ရယ်ရင်းပြောပါသည်။ တကယ်ကို ဘာမှမဖြစ်သလိုကို မှိုင်းပြောနေတာ။

"တို့မှာ အသက် ၅ နှစ်ပြည့်တဲ့အထိ နာမည်မရှိခဲ့သလို ပေးလည်း မပေးခဲ့ကြဘူး... မွေးခါစကတော့ပေးခဲ့မလားမသိပေမယ့် တို့သိတက်စကတည်းက အဖေရင်းက မူးလာရင်ခေါ်ချင်သလိုခေါ်တယ်လေ အာရုံမ ဆိုတာကတော့အခေါ်အများဆုံးပေါ့။

ဖွားဖွားကလည်း အဲ့အတိုင်းပါပဲ စိတ်ထဲရှိရာသူတို့ခေါ်ချင်တာခေါ်ကြတာပါပဲ။ မိမှိုင်း၊ ငပျင်းမ၊ အူတူတူမ စသဖြင့်ပေါ့ကွယ်။ ဒါပေမယ့် သိလား ငှက်လေး တို့တစ်ခါမှ ဖွားဖွားပြောသလို လူမဟုတ်ခဲ့ဘူး"

မှိုင်းကသာ ဘာမှမဖြစ်သလိုနေနိုင်ပေမယ့် ဇာမဏီကတော့ မှိုင်းအစားခံပြင်းပါတယ်။ ဒေါသထွက်မိပါတယ်။
တစ်ဆက်တည်းမှာ မှိုင်းရဲ့ ဘဝအကြောင်းကိုဒီထက်ပိုသိချင်မိလာသည်။ သို့ပေမယ့် မှိုင်းအတိတ်တွေက မှိုင်းကို နာကျင်စေမယ်ဆိုရင်တော့ သူမသိရက်တော့ပါ။

"ဘာတွေဒီလောက်ငေးကြည့်နေတာလဲ အနီ!... တို့ပြောတာတွေရော ကြားရဲ့လားရှင်"

"ကြားပါတယ် မှိုင်း ... ဇာမဏီ ဒေါသထွက်မိလို့ပါ!
မှိုင်း စိတ်ဆိုးမယ်ဆိုရင်တောင် ဇာမဏီ မှိုင်းအဖေနဲ့ အဖွားကို တကယ်ဒေါသထွက်ပြီး စိတ်ပျက်ပါတယ် မှိုင်း"

မှိုင်းက ခုံပေါ်လက်ထောက်ပြီးမှ ထိုလက်ပေါ်သို့တစ်ဖြန် မေးထောက်၍သူ့ကို စောင်းငဲ့ကြည့်သည်။ မှိုင်းအဖေရင်းနဲ့ အဖွားကို သူထိုသို့ပြောတာကို မှိုင်းစိတ်ဆိုးမလားလို့ တွေးပူရမယ့် အစား စိတ်ကြည့်နေတဲ့ မှိုင်း မျက်ဝန်းညိုညိုလေးတွေက လှရက်လွန်းလို့ အကြည့်ချင်းမခွာနိုင်။
ခါတိုင်း မှိုင်းမျက်ဝန်းတည့်တည့်ကို ပြန်စိုက်ကြည့်ရမှာရှက်လို့ ဇာမဏီ သေချာမသိခဲ့တာထင်ပါရဲ့။ မှိုင်းက မျက်ဝန်းညိုညိုလေးတွေကို ပိုင်ဆိုင်ထားတာပါပဲ။

အနီမှိုင်းမှိုင်းWhere stories live. Discover now