အဲ့နေ့ဖြစ်ပျက်ပြီးကတည်းက ဇာမဏီ ကျောင်းကို သိပ်မသွားဖြစ်။ ရှုပ်ထွေးနေတဲ့စိတ်တွေကြောင့်လေ။ အဲ့နေ့က ဖြစ်ခဲ့သည့်အကြောင်းရင်းမှန်က သူ့ဖေဖေနှင့်စခဲ့သည်။
အိမ်ပြန်လာသည့် မြေ့က အိမ်ရှေ့မှာ ကားရပ်ရင်းကားပေါ်မှာ နမ်းရှိုက်နေသည့် သူ့ယောကျ်ားကိုတွေ့တာကနေစခြင်းပေါ့။ ဒါက မြေ့သိက္ခာကို အိမ်ဝထိ လာစော်ကားနေသလိုပါ။ နောက်ဆို အိမ်ပေါ်ထိရောက်လာတော့လေမလား။အဲ့ကနေဖြစ်ခဲ့ခြင်းလေ။ အဲ့ဒါက အရင်းမြစ်ဖြစ်ခဲ့ပေမယ့် ဇာမဏီ့အတွက်ခံစားလိုက်ရစေတဲ့စကားတစ်ခွန်းက သူ့ကိုယ်မလိုချင်ဘူးဆိုတဲ့ စကားတင်ပါ။ မြေ့ဖြေရှင်းချက်အရတော့ သူ့ကိုကိုယ်ဝန်ဆောင်ကတည်းက တစ်ခါမှ မလိုချင်ခဲ့တဲ့အတွေးမရှိခဲ့ဘူးတဲ့လေ။ ရဲသွေးကတော့ ထိုစကားကို ငြင်းသည်။ သူ့ကိုမုန်းလို့ ကလေးကိုပါ မုန်းတီးနေခဲ့တာတဲ့။
လမ်းစုံရောက်နေတဲ့ အချိန်မျိုးကိုရောက်ဖူးလား။ ဘယ်လမ်းကိုရွေးချယ်ရမလဲမသိတဲ့ အချိန်ခဏတွေမှာလေ။ လမ်းတော့မပျောက်ပါဘူး။ ဘယ်လမ်းသွားရင် ဘယ်ရောက်မယ်ဆိုတာသိပေမဲ့ မရွေးချယ်နိုင်တဲ့ အခါမျိုးက သိပ်ခက်ခဲတဲ့လမ်းစုံရောက်ချိန်မျိုးပေါ့။
"အခုသွားသင့်နေပြီ မှိုင်းဆီကို"
ဒီနေ့လည်း ကျောင်းမသွားဖြင့်စွာနှင့် နာရီကိုကြည့်ပြီး ဇာမဏီပြောလိုက်သည်။ ပြောရလျှင် အနည်းဆုံး မှိုင်းရှိရာရပ်ဝန်းလေးရှိလို့တော်သေးတယ်ဆိုမလား။ သူ့ရဲ့ စိတ်အပန်းဖြေရာရပ်ဝန်းလေး။ အခုသူ့အိမ်မှာက အေမီနဲ့ ခြံစောင့်ကလွဲရင် အမေရော အဖေရောအိမ်မှာမရှိတော့။ သူ့အမေက အရင်တစ်ခါကလိုဘယ်ထွက်သွားလဲမသိပေမယ့် အဖေကတော့ပြန်မလာပါ။
ဒီတစ်ခါတော့ သူသေချာသိနေပါပြီ။ သူတို့အသိုက်မြုံက ပျက်စီးရတော့မယ်ဆိုတာကို။ ဒါက အိမ်မက်ဆိုးကြီးတစ်ခုလိုပဲ။ သူ့အမေကို ထပ်တားချင်ပေမဲ့ သူမလုပ်ရက်တော့ဘူးထင်တယ်။ သူ့အဖေကို မြေ့ရဲ့ ချစ်ကြောင်းမချစ်ကြောင်းကို ဇာမဏီ မသိပေမယ့် သစ္စာဖောက်ခံရတဲ့ မိန်းမတစ်ယောက်ရဲ့ခံစားချက်ကိုတော့ ဇာမဏီ နားလည်ပေးသင့်သည်။ ပြီးတော့ သူအခုထိ မယုံနိုင်သေးတာက မေမေက မိန်းမတစ်ယောက်ကိုချစ်ခဲ့သည်တဲ့လား။ မြေ့က သူ့ကိုအကြောင်းစုံကို ပြောမပြပေမယ့် မြေ့က မိန်းမတွေကိုချစ်တာမဟုတ်ပဲ မိန်းမတစ်ယောက်တည်းကို ချစ်ခဲ့တာပါ။ အခု ဇာမဏီက မှိုင်းကိုချစ်သလိုပေါ့။
YOU ARE READING
အနီမှိုင်းမှိုင်း
Romanceမှိုင်းဆိုတဲ့ အမျိုးသမီးဟာ လျို့ဝှက်တယ်။ ပဟေဠိဆန်တယ်။ မှိုင်းအနားမှာနေရတာဟာ သင်္ချာပုဒ်စာတစ်ပုဒ်အဖြေရှာရတာထက် ပိုခက်ခဲလေရဲ့။ ထိုသို့ ပဟေဠိဆန်ပြီး နားလည်ရခက်တဲ့ အမျိုးသမီးကိုပတ်သက်ခဲ့မိတာဟာ ဝေဒနာတစ်လုံးတစ်ခဲ ထွေးပိုက်ရသလိုပေါ့။ အနီမှိုင်းမှိုင်း GL...