Part 32

190 31 3
                                    

🐺Unicode🐍

အငွေ့တထောင်းထောင်းထနေတဲ့ ကော်ဖီခွက်ကို အလယ်မှာထားလို့ ဆေးခန်းငယ်လေးအတွင်း တိတ်တဆိတ်ထိုင်နေကြတဲ့သူနှစ်ဦး။ တိတ်ဆိတ်လွန်းတာမှ သူတို့နှစ်ဦးကြား အသက်ရှူသံမျှင်းမျှင်းလေးကိုတောင် အတိုင်းသားကြားနေရတဲ့အထိ။ တစ်ဦးက ခေါင်းကိုငိုက်စိုက်ချလို့ အတွေးနွံထဲနစ်မြောနေသလိုအသံတိတ်ထိုင်နေပြီး နောက်တစ်ယောက်ကတော့ ရှေ့ကထိုင်နေတဲ့သူကို အားနာသလို ခပ်ကျုံ့ကျုံ့ထိုင်နေလေရဲ့။

စားပွဲပေါ်က တစ်ငုံစာမျှတောင် မလျော့သေးတဲ့ ကော်ဖီခွက်လေး အငွေ့တို့ ကွယ်ပျောက်သွားချိန်မှာပဲ တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ကို ဖြိုခွင််းလိုက်တဲ့ စကားသံတစ်ခု။

"ဖြစ်ပျက်ခဲ့သမျှအတွက် ကောကပဲ တောင်းပန်ပါတယ် ရိပေါ်။"

ရိပေါ်ထံက မည်သည့်စကားသံမျှ ထွက်မလာသလို အသံပိုင်ရှင်ဖြစ်သူ ယွီချန်ထံလည်း မော့ကြည့်လာခြင်းမရှိတာမို့ ယွီချန်လည်း စကားဆက်ပြောမိတယ်။

"ကိုယ်လုပ်ခဲ့တဲ့လုပ်ရပ်အတွက် ရိပေါ် ကိုယ့်ကိုစိတ်ခုနေမယ်ဆိုတာ ကိုယ်သိပါတယ်။ ကိုယ့်မှာ ရိပေါ်ကို တောင်းပန်ပါတယ်ဆိုတာကလွဲ ပြောစရာမရှိပါဘူး။"

"ဘယ်အချိန်ကတည်းကလဲ ယွီချန်ကော။ ဒါကိုတော့ ကျွန်တော်သိခွင့်ရှိတယ်မလား။"

ရိပေါ်ရဲ့ လေသံအေးစကားအဆုံး ယွီချန်လည်း သက်ပြင်းအသာချမိတယ်။ ဒီလိုနေ့မျိုး တစ်ချိန်မဟုတ် တစ်ချိန်မှာ ကျရောက်လာနိုင်မှန်း သိတာမို့ ယွီချန်အနေနဲ့ အတတ်နိုင်ဆုံး သူ့စိတ်သူပြင်ဆင်ထားခဲ့ပေမယ့် တကယ့်တကယ် လက်တွေ့ကြုံလာရတဲ့အခါမှာ ဘယ်ကနေစပြီး ရှင်းပြရမယ်မှန်း မသိတော့ဘူး။ ပိုဆိုးတာက ရိပေါ်ဟာ သူထင်ထားခဲ့တာထက်ပိုပြီး သွေးအေးနေတဲ့အခါ သူရှင်းပြသမျှ အရာမထင်တော့မှာလည်း စိုးရိမ်မိလာရတယ်။

သို့ပေမယ့်လည်း ရှင်းပြရမှာက ရှင်းပြရမှာပဲမို့ ယွီချန်လည်း ရိပေါ်ကိုလှမ်းကြည့်လို့ အသင့်တော်ဆုံးစကားလုံးတို့ကိုရွေးချယ်ပြီးသာ ရှင်းပြမိတော့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဖြစ်ပျက်ခဲ့သမျှ ကိစ္စတွေထဲ သူ့အပြစ်လည်း မကင်းခဲ့ဘူး မဟုတ်ပါလား။

PSYCHO FRIEND (Season-2) (Completed)Where stories live. Discover now