Part 34

233 33 6
                                    

🐺Unicode🐍

မနက်ခင်း လင်းရောင်ခြည်နဲ့အတူ မျက်လုံးအစုံ ပွင့်အံလာတာနဲ့အမျှ ပြတင်းပေါက်ကနေတစ်ဆင့် ဖြာကျလျက်ရှိတဲ့ နေရောင်ခြည်က နေ့သစ်တစ်ခု အစပြုနေပြီဖြစ်ကြောင်း သက်သေပြလို့နေတယ်။ လေတစ်ချက်အဝေ့မှာ လှုပ်ခတ်သွားတဲ့ ပြတင်းလိုက်ကာစတွေကို ခေါင်းအုံးပေါ် မလှုပ်မယှက် နေနေရင်းကပဲ မျက်နှာသေနဲ့ ကြည့်နေမိတယ်။ ပတ်ဝန်းကျင်လေထုကအစ ခြောက်ခြားဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေပုံက တစ်လောကလုံးမှာ ရိပေါ်တစ်ယောက်ပဲ ရှိတော့တဲ့အလား။

ဘေးတစောင်းအနေအထားနဲ့ လှဲအိပ်နေရင်းကပဲ ကုတင်ပေါ်မှာတင် ထထိုင်လိုက်ပြီး ကုတင်အောက် ခြေထောက်အစုံ ချထားမိတယ်။ သက်ပြင်းငွေ့ငွေ့ချလို့ ကိုယ့်လက်ကိုပြန်ကြည့်မိတဲ့အခါ သွေးစွန်းနေတဲ့ လက်အစုံက အမြင်အာရုံထဲ တစ်ချက်တစ်ချက် လာပေါ်တယ်။ မျက်လုံးအစုံ မှိတ်ချလိုက်ပြီး မျက်နှာကို လက်နဲ့အုပ်ထားမိတဲ့နောက် ခေါင်းထဲပြန်ပေါ်လာတဲ့ မှတ်ဉာဏ်တွေက အစီအစဥ်မကျ။

အသက်ကိုခပ်ပြင်းပြင်းရှူရှိုက်ရင်း ကုတင်ပေါ် သမင်လည်ပြန်လှည့်ကြည့်မိတဲ့အခါ တစ်ယောက်သောသူကတော့ အသက်ရှူသံမှန်မှန်နဲ့ အေးအေးချမ်းချမ်းအိပ်စက်လို့နေတယ်။ အေးအေးချမ်းချမ်းအိပ်စက်တယ်ဆိုတာထက် ဖြစ်ပျက်ခဲ့သမျှ အဖြစ်အပျက်တွေက များလွန်းလှတာကြောင့် ပင်ပန်းပြီး အိပ်မောကျသွားတာလည်း ဖြစ်နိုင်တယ်။

ရိပေါ်လည်း ကုတင်ထက် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေတဲ့ ချစ်ရသူလေးကို အချိန်တစ်ခုကြာတဲ့အထိ ငေးမောကြည့်လို့ နေရာကနေသာ တိုးတိုးတိတ်တိတ် ထွက်လာခဲ့လိုက်တော့တယ်။

-------------------------------

မနက်စာအတွက် မှာထားတဲ့အစားအစာတွေကို မီးဖိုချောင်အတွင်း ပြင်ဆင်ရင်း အတွေးပွားနေမိတဲ့ရိပေါ်။ အလုပ်ကိစ္စတွေကြောင့် စိတ်ပင်ပန်းလာတဲ့အခါတိုင်း တစ်ဦးတည်းလာပြီး အပန်းဖြေတတ်တဲ့ အိမ်လေးမို့ မနက်စာချက်ပြုတ်ပြင်ဆင်ပေးမယ့် အထိန်းတော်ကြီးလည်း မရှိတာကြောင့် ရိပေါ်ကိုယ်တိုင်ပဲ သူနဲ့ရှောင်းကျန့် စားဖို့ရာအတွက် မနက်စာ လှမ်းမှာလိုက်ရတယ်။

PSYCHO FRIEND (Season-2) (Completed)Onde histórias criam vida. Descubra agora