17_U

10.6K 1.2K 65
                                    

ဒီရက်တွေထဲမှာ နေ့ယံဆီ လူနာလာတွေ့ကြသည့် ဧည့်သည်တွေက ရောက်လာလိုက် ပြန်သွားကြလိုက်ပင်။ မိုးဦးလေချိုကတော့ နှစ်ရက်တစ်ခါ သုံးရက်တစ်ခါမှသာ ရောက်လာတတ်၏။ ကလေးနဲ့အတူ စွဲမြတ်ထင်သာ၏ အစ်မနှင့် အမေဖြစ်သူတို့ကတော့ ပါလာတတ်မြဲသာ။

မကြာခဏ ဆုံဖြစ်လာတော့ နေ့ယံနဲ့ အနည်းငယ် ပို၍ရင်းနှီးလာကြရသည်။ စွဲ၏ အဖေဖြစ်သူကိုတော့ သူတစ်ခါမှ မမြင်ရသေးပါ။ ပြီးတော့ အစ်မကြီးမိသားစု ဆိုတာနဲ့လည်း မဆုံဖူးသေးချေ။

တခြားလူတွေနဲ့ မိနစ်အနည်းငယ် နာရီအနည်းငယ်သာ တွေ့ရ ဆုံရသည်။ ဧည့်တွေ့လာသူတွေ ပြန်သွားကြသည့်အခါ အဆုံးမှာတော့ နေ့ယံအနားတွင် စွဲမြတ်ထင်သာ,သာ ကျန်ရစ်နေခဲ့တော့သည်။

နာမကျန်း ဖြစ်၍ ဆေးရုံပေါ်မှာ ရှိနေခိုက် အတောအတွင်းတွင် နာရီပေါင်းများစွာ အနီးကပ် ရှိနေသူကလည်း စွဲမြတ်ထင်သာ,သာ ဖြစ်သည်။ နေ့တိုင်း ထိုမျက်နှာချောချောလေးနဲ့ ချစ်သူက သူ့အတွက် အစစ အရာရာ လိုလေသေးမရှိ လုပ်ကိုင် ဆောင်ရွက်ပေးတတ်သည်။

ကိုယ့်ကိုယ်ကိုယ် တစ်ခုခု ထူးဆန်းလာခြင်းအား ဆောင်းနေ့ယံ ရိပ်မိပါ၏။ မတတ်သာ၍ ချစ်သူကောင်လေးအပေါ် မှီခိုနေရတာ မှန်သော်လည်း အစပိုင်းတုန်းကလို အားနာစိတ် ဖိအားတွေ မရှိတော့။ စိတ်ကသိကအောက် ဖြစ်ပြီး မနေတတ်သလို ခံစားရခြင်းမျိုးတွေလည်း မရှိတော့။

စွဲမြတ်ထင်သာနှင့် အနီးကပ် နေရခြင်းများတွင် စိတ်က ‌လိုက်လျောညီထွေ ရှိလာခဲ့ရသည်။ နေရတာ အဆင်ပြေလှသည်။ တစ်ခါတစ်ရံတွင်တော့ ပျော်ရွှင်မှု ဆိုတာတွေကိုပါ ခံစားခဲ့မိရ၏။

စွဲမြတ်ထင်သာက တချို့ရက်တွေမှာ ကျောင်းသို့ သွားရတတ်သည်။ သူယူထားသည့် အတန်းချိန်တွေ ရှိသည့် နေ့မျိုးတွေဆိုရင် နေ့ယံ အနားမှာ ရှိမနေနိုင်ပေ။ နေ့တစ်ဝက်နီးပါးလောက် သူတို့ မတွေ့ရတတ်။

ထိုအခါမျိုးဆိုရင် သတိရသလိုလို စိတ်မျိုးနှင့် တမျှော်မျှော် ဖြစ်နေမိတတ်သည့် သူက ဆောင်းနေ့ယံပင်။ စွဲမြတ်ထင်သာ ပြန်လာမည့် အချိန်ကို ဆေးရုံအခန်းလေး အထဲကနေ တိတ်တဆိတ် စောင့်မျှော်နေခဲ့ရသည်။

ငါတို့နှစ်ယောက်ရဲ့ရိုမန့်ဂီတ(Complete)Where stories live. Discover now