11_U

10.6K 1.3K 118
                                    

ကျောင်းမှာ အတန်းသွားတက်ခဲ့ပြီး စွဲမြတ်ထင်သာ ပြန်လာတော့ ခြံရှေ့မှာ ဆောင်းနေ့ယံ ရပ်နေခြင်းကို မြင်လိုက်ရ၏။ တစ်ယောက်တည်းတော့ မဟုတ်။ တခြား မိန်းကလေး တစ်ယောက်နှင့် စကား ရပ်ပြောနေခြင်းသာ။ စွဲမြတ်ထင်သာက သူ့ကားကို ခြံရှေ့မှာ ရပ်လိုက်ပြီး ကားထဲကနေ ကြည့်နေလိုက်သေးသည်။

ဒီတလောမှာ မမြင်ခဲ့ရသည့် လူတစ်ယောက်ရဲ့ မျက်နှာကို အခုပြန်တွေ့လိုက်ရတော့ အလွမ်းပြေသွားသလိုလို ခံစားချက်မျိုး ရသွားသည်။ ဒီလူကို သူရဲ့ မသိစိတ်မှာ သတိတရ ရှိနေပုံရ၏။

ကား‌ေပါ်ကနေ ဆင်းလိုက်ပြီးနောက် ဆောင်းနေ့ယံတို့ အနားကို သူသွားလိုက်မိသည်။ ဆောင်းနေ့ယံကလည်း သူ့ကိုမြင်တော့ မျက်နှာ အမူအရာလေး တစ်မျိုး ပြောင်းသွားသေးသည်။ ပြီးမှ ဘာမှ မဖြစ်သလိုမျိုး နှုတ်ဆက်လာပြန်၏။

"စွဲ ...ပြန်လာပြီလား ..."

"ဟုတ်ကဲ့ ...ကိုနေ့က ဒီမှာ ဘာလုပ်နေတာလဲ ..."

"ဪ ဒီမှာ ...ဒီညီမလေးရဲ့ ခွေးလေး ပျောက်သွားလို့ ...အဲဒါ အဖော်လိုက်ပြီး ကူရှာပေးမလို့ ပြောနေကြတာ ..."

ဆောင်းနေ့ယံကို ကြည့်လိုက်တော့ ဂီတာအိတ်က လွယ်လျက်သား။ အခုမှ အလုပ်ကနေ ပြန်လာပုံရသည်။ အိမ်ထဲပင် ဝင်ရသေးဟန် မပေါ်ပါ။

"ကိုနေ့က အခုမှ ပြန်ရောက်တာလား ..."

"ဟုတ်တယ် ...အခုလေးတင်ပဲ ရောက်တာ ...ဒီညီမလေးနဲ့ အိမ်ရှေ့မှာ တွေ့လို့ စကားရပ်ပြောနေကြတာလေ ..."

ခွေးပိုင်ရှင် ကောင်မလေးကို ကြည့်လိုက်တော့ သူ(မ)က စွဲကို ပြန်ကြည့်နေခဲ့သည်။ အသက်ကတော့ စွဲတို့နဲ့ သိပ်မကွာလောက်ဘူး ထင်ရသည်။ ခပ်ငယ်ငယ်အရွယ်ပင်။ သူ(မ)က ပြုံးပြပြီး ခေါင်းလေး ညိတ်ပြကာ နှုတ်ဆက်နေတာမို့ စွဲကလည်း တန်ပြန်နှုတ်ဆက်လိုက်မိ၏။ သို့သော် ဘာစကားမှတော့ မဆိုမိပါ။ သူ(မ)ကတော့ စွဲကို စကားပြောချင်နေဟန်ရသည်။ စွဲက တစ်ခွန်းမှ မပြောတော့ ဆောင်းနေ့ယံဘက်ကိုသာ လှည့်သွားတော့၏။

"ကိုနေ့ယံ သူက ဘယ်သူလဲဟင် ..."

"သူကလား ... အစ်ကိုတို့ အပေါ်ထပ်အိမ်မှာ နေတဲ့သူလေ ..."

ငါတို့နှစ်ယောက်ရဲ့ရိုမန့်ဂီတ(Complete)Donde viven las historias. Descúbrelo ahora