12_U

11.2K 1.2K 116
                                    

"မင်းပြော ...ဒါကို ဘာလို့ အသံဖမ်းထားရတာလဲ ..."

အခန်းထဲ ရောက်တာနှင့် နေ့ယံ အသံက ကျယ်လာတော့သည်။ အခန်းတံခါးကို လော့ခ်ချထားခဲ့၍သာ တော်သေး၏။ မဟုတ်လျင် အသံတွေက အပြင်ဘက်ကိုတောင် ရောက်နိုင်သည်။

"ကျွန်တော် အစ်ကိုနဲ့ ရန်ဖြစ် စကားမများချင်ဘူး ...ကျွန်တော်တို့ အေးအေးဆေးဆေး ညှိနှိုင်းလိုက်ရင် အဆင်ပြေသွားလိမ့်မယ် ..."

စွဲမြတ်ထင်သာက သူ့အရှေ့မှာ။ သူ့ကို စိတ်လျှော့ချဖို့ အရင်ဆုံး ကြိုးစားလာခဲ့သည်။ ပြီးမှ ဖုန်းကို ထုတ်လိုက်သည်။ အသံဖမ်းထားသည့် အစအဆုံးကို ဆက်ဖွင့်ပြလိုက်တော့ ဆောင်းနေ့ယံ မျက်နှာ ညို့မှိုင်းသွားတော့သည်။ ဒ‌ီကောင်လေးဆီမှာ သူဖုန်းပြောထားသည့် အသံဖိုင်ရှိနေခြင်းက ထင်မှတ်မထားလေသော ကိစ္စပင်။

"ဒါကို မင်းဘယ်တုန်းက ရတာလဲ ...ငါဖုန်းပြောနေတုန်းက ဒီနားမှာ ရှိနေခဲ့တာလား ..."

အဲဒီနေ့က အခန်းထဲမှာ သူဖုန်းပြောနေခဲ့သည်ပဲ။
အိမ်အပြင်ထွက်နေခဲ့မိတာလည်း မဟုတ်။

"ဟုတ်တယ် ...ကျွန်တော် ခြံထဲမှာ အဲ့နေ့က ရှိနေခဲ့တယ် ...ကိုနေ့ ဒီပြတင်းပေါက်နားမှာ စကားလာရပ်ပြောနေတာ တွေ့မိလို့ ကျွန်တော် ဒီနားကို ရောက်လာခဲ့တာ ..."
အခန်းပြတင်းပေါက်လေးကို စွဲမြတ်ထင်သာက အကြည့်တို့ဖြင့် ညွှန်ပြနေသည်။

"အစကတော့ အခန်းမီး လင်းနေလို့ အနားလာကြည့်ရုံပဲ ...နောက်မှ နွေချိုချိုဆိုတဲ့ နာမည်နဲ့ ကလေးအကြောင်းကိုပါ ကြားမိလိုက်လို့ မှတ်တမ်းယူထားလိုက်မိတာ ...ကျွန်တော့် နေရာမှာ ဘယ်သူပဲဖြစ်ဖြစ် ဒီလိုမျိုး လုပ်မိမှာပဲ ...ဘာလို့လဲ ...နွေချိုချိုဆိုတာက တကယ့်နာမည်ကြီးလေ ...သူက ကလေးတစ်ယောက်ကို တိတ်တိတ်ပုန်းမွေးထားတာ ...ဒါက ရှော့ရစရာ သတင်းကြီးပဲ ..."

ဒီကောင်လေးက နွေချိုချိုဆိုသည့် နာမည်ကို သရုပ်ဆောင်နွေချိုချို ဖြစ်မှန်း သိနေသည်။ နာမည်တူ တခြားတစ်ယောက်ဟု မထင်ခဲ့ဘူးဘဲ။
ဘာကြောင့်လဲ။ ဖုန်းပြော‌ေနတုန်းကများ သူထည့်ပြောလိုက်မိသေးလို့လား။
သူပြောခဲ့သမျှတွေ အားလုံးကို တစ်လုံးမကျန် မမှတ်မိနိုင်တော့ပါ။
သူလည်း ထိုနေ့က စိတ်တိုနေခြင်းကြောင့် သတိမထားလိုက်မိနိုင်။

ငါတို့နှစ်ယောက်ရဲ့ရိုမန့်ဂီတ(Complete)Where stories live. Discover now