“ပါပါး ...”
အခန်းထဲ ဝင်လာသည်နှင့် မိုးဦးလေချိုက အဖေဖြစ်သူထံ တန်းပြေးလာတော့၏။ ကလေးနဲ့အတူ အမျိုးသမီးနှစ်ယောက်လည်း အတူ ပါလာခဲ့သေးသည်။ စွဲမြတ်ထင်သာ ပြောပြထားသည့် သူ့အစ်မနဲ့ သူ့အမေသာ ဖြစ်လိမ့်မည်။
“ချိုကို ပါပါးက မထနိုင်သေးဘူး ...အရမ်းမလုပ်နဲ့ ...”
ခုတင်ပေါ် ကုပ်ကပ်ပြီး တွယ်တက်ဖို့ ကြိုးစားနေသည့် ကလေးပေါက်စကို စွဲက ပြေးဆွဲ၍ ချီထားလိုက်ရသေး၏။ ဆောင်းနေ့ယံ ပြန်နိုးလာခဲ့ပြီး နောက်တစ်နေ့မှာပဲ သူတို့ ရောက်လာခဲ့ကြတာ ဖြစ်သည်။ သမီးကို တွေ့ချင်ပါသည်ဟု တပူပူ တဆာဆာ လုပ်ခဲ့သူက ဆောင်းနေ့ယံ ဖြစ်ပြီး၊ ကလေးရောက်လာလျင် အဖေဖြစ်သူဆီသာ တွယ်ကပ်နေမှာ စိုး၍ ခေါ်မပေးချင်ခဲ့သူက စွဲမြတ်ထင်သာဖြစ်၏။
“ကိုနေ့သမီးက ကိုနေ့ကို မြင်ပြီးမှ မပြန်ချင်တော့ပါဘူး ...ပါပါးနဲ့ပဲ နေမယ် ဘာမယ်နဲ့ ဖြစ်နေရင် ဘယ်လိုလုပ်မလဲ ...နဂိုတည်းက ဖေဖေချစ်သမီး ဖြစ်နေတဲ့ ကလေးမ ...အဖေနေမကောင်းတာ မြင်ရင် အနားကနေတောင် ခွာတော့မှာ မဟုတ်ဘူး ...”
“ချိုကို့ကို ငါချော့ပြောရင် ရပါတယ် ...ကလေးကိုသာ ခေါ်ပေးပါ ...တွေ့ချင်လှပြီ ...”
“မပြောတော့ဘူး လုပ်ချင်ရာသာ လုပ်တော့ ...သဘောပဲ ...ကျွန်တော်က နေမကောင်းတဲ့လူကို ပိုပင်ပန်းမှာစိုးလို့ ပြောနေတာ ...”
နောက်ဆုံးတော့ စွဲက သူ့အိမ်က လူတွေကိုသာ ဖုန်းဆက်ပြီး လှမ်းခေါ်ပေးရတော့သည်။ စွဲအမေနဲ့ အစ်မက ရောက်လာတော့လည်း လက်ချည်းသက်သက် မဟုတ်။ အိမ်မှ ယူဆောင်လာခဲ့သည့် စားစရာ သောက်စရာက အစုံအလင်နှင့်။
“သက်သာလား သား ...”
“သက်သာလား မောင်လေး ...”
သူ့ကို ပြုံးပြ၍ နှုတ်ဆက်စကား ပြောနေကြသည်က တရင်းတနှီးနဲ့ နွေးနွေးထွေးထွေး ရှိလှသည်။ သက်သာကြောင်း ပြန်ဖြေ၍ နေ့ယံလည်း သူ(မ)တို့နည်းတူ ပြန်ပြုံးပြဖြစ်၏။
စွဲမြတ်ထင်သာ၏ အမေနဲ့အစ်မက မိန်းမလှတွေသာ။ သူတို့အိမ်မှ လူတွေက ဒီလို ရုပ်ရည် ရူပကာတွေနဲ့ပဲလားတော့ မသိ။
ဒီလိုမျိုး အတူတွဲမြင်ရတော့ စွဲက သူ့အမေနဲ့ ပိုတူသည်ဟု ထင်ရသည်။
![](https://img.wattpad.com/cover/297305013-288-k595728.jpg)
ESTÁS LEYENDO
ငါတို့နှစ်ယောက်ရဲ့ရိုမန့်ဂီတ(Complete)