(၂၇)ဒု

657 26 11
                                    

ယနေ့ဗုဒ္ဓဟူးနေ့တွင်တော့ ပွဲအစီအစဥ်များ၊ရိုက်ကူးရေးများမရှိပဲ နားရက်ရသည်။ဆောင်းဦးတို့အလုပ်က ဝန်ထမ်းများကဲ့သို့ စနေ၊တနင်္ဂနွေဟူ၍ သတ်မှတ်ထားသောနားရက်မရှိ။အလုပ်မရှိသောရက်ကသာ ဆောင်းဦးတို့အတွက်အားလပ်ရက်ဖြစ်သည်။ဒီနေ့တော့
စီစဥ်ထားသည့်အတိုင်း ရွာသို့သွားကိုသွားရမည်။တမြန်နေ့ကရည်မွန်ထွေးအကြောင်းကြားရပြီး နောက်တစ်ရက်ကလည်း နှစ်ရက်ဆက်တိုက်ပြုလုပ်မည့်ပွဲအတွက် စာချုပ်ချုပ်ထားသောကြောင့် လစ်ဟင်း၍လည်းမရ၍ ဒီနေ့မှသာရွာသွားရမည်ဟုဒေါ်လေးကိုလည်းအကြောင်းကြားထားရသည်။

ဒီရက်ထဲတော့ ကိုစိုးဇော်ကရွာသို့ သွားပေးပြီး ဒေါ်လေးနှင့်ဆောင်းဦးတို့ကိုအဆက်အသွယ်ရအောင်လုပ်ပေးသည်။စင်စစ် ဆောင်းဦးနှင့်ကြီးမေသာဆက်ဆံရေးပြေလည်ခဲ့ပါက ကိုစိုးဇော်ကိုအပန်းမကြီးစေလောက်ဘူးဟုတွေးမိတော့ အားတုံ့အားနာဖြစ်ရသော်လည်း သူကပင်ဒေါ်လေးအတွက်လိုလိုချင်ချင်လောလောဖဖဖြစ်နေ၍သာတော်သေးသည်။  ကောင်းဆက်သူရှိစဥ်ကလည်း ကိုစိုးဇော်ကကောင်းကိုအလွန်ခင်ခဲ့သည်ကိုး။ဖုန်းထဲတွင်တော့ ကြီးမေကဒေါ်လေးကိုလည်းသတင်းမေး၊ဟင်းတွေဘာတွေလာပေးသည်ဆိုတော့ အနည်းငယ်စိတ်သက်သာရာရမိပါသည်။
ယခင်ကတော့ ရည်မွန်ထွေးသာမဟုတ်တာတစ်ခုခုလုပ်ပါက သူ့အမေကိုရန်တွေ့ပစ်မည်ဟုကြုံးဝါးထားသောကြီးမေသည်လည်း လက်တွေ့တွင်တော့ ဆန့်ကျင်စွာပင် ဒေါ်လေးကိုနှစ်သိမ့်မည်ဟု ဆောင်းဦးအတပ်ခံစားမိပါသည်။

**********

မနက်၈နာရီလောက်တွင်အဆောင်မှထွက်ကာ အသိတက္ကစီတစ်စီးငှားပြီးရွာသွားခဲ့သည်။ဒီတစ်ခေါက်ကတော့ ဆောင်းဦးရွာမှနောက်ဆုံးထွက်လာပြီးသည့်အချိန်မှစ၍ ပထမဆုံးတစ်ခေါက်ပြန်လာခြင်းဖြစ်သည်။
အခြေအနေများကလည်း အရင်တုန်းကနဲ့မတူတော့ပါ။ယခင်ကတော့ ABC မှလိုင်းကားစီး၍ လမ်းစရိတ်သိပ်မကုန်သောသွားခြင်းမျိုးမှ ယခုတော့လူသိများလာသောအနေအထားကြောင့် ကားငှား၍သာသွားမှအဆင်ပြေတော့သည်။ဒီ့တော့လည်းလမ်းစရိတ် နှစ်သောင်းခွဲအပိုကုန်တာပေါ့ဟုတွေးမိရင်း ကိုယ့်ဘာသာကိုယ်ပြုံးမိသည်။

ဆောင်းတို့သည်လည်း မအေးတော့ပြီDonde viven las historias. Descúbrelo ahora