အပိုင်း(၈)

339 41 2
                                        

           Lensပုံများဆွဲနေသော်လည်း စိတ်ကစာထဲမရှိ။လုပ်စရာစာများ များများစားစားမရှိသော်လည်း ကောင်းဆက်နှင့် မျက်နှာချင်းမဆိုင်ရဲစွာပင် ကျောပေးကာစာကိုဖိလုပ်နေရသည်။ကောင်းဆက်ကတော့ အေးဆေးစွာပင်
ကွပ်ပျစ်ပေါ်၌ထိုင်ကာနံရံကိုကျောမှီရင်း
ဘဘဆီမှခဏငှားလာသော မြတ်မင်္ဂလာစာစောင်များကိုဖတ်နေသည်။

ထမင်းစားပြီးတုန်းကလည်း ကောင်းဆက်မျက်နှာကိုမကြည့်ရဲ၍ အချိန်ဆွဲကာပန်းကန်ဆေးနေခဲ့သည်။အလိုက်တသိ ပန်းကန်များ
သိမ်းပေးမည်ဆိုလာသူကို လက်မခံစွာငြင်းပယ်ပြီးရှောင်ဖယ်နေမိသည်။ရှက်သည်။မျက်နှာပူသည်...
အဆိုးဆုံးက အထင်သေးခံရမည်ကို...

စိတ်ထဲမပါတော့သည့်စာကို ကျိတ်မှိတ်လုပ်နိုင်ရန်မစွမ်းနိုင်၍ တနုံ့နုံ့နှင့်ခံစားနေရသည်ကို မသိမ်းထုတ်နိုင်စွာ မဝံမရဲမေးမိသည်။

"ငါ့ကိုဘယ်လိုမြင်လဲ..."

အခန်းထဲရောက်ပြီး စကားတစ်ခွန်းမှမဆိုဘဲ
ကိုယ့်အာရုံနှင့်ကိုယ်သာရှိနေကြသည့် တိတ်ဆိတ်နေမှုကို တုန်ရီရီအသံလေးကဖြိုခွဲသည်။
နောက်ကျောဘက်ဆီမှ စာအုပ်ပိတ်လိုက်သံကြားရသည်။
လှုပ်ရှားမှုသံသာကြားရပြီး ဘာစကားသံမှမပြန်သောကြောင့် ကိုယ်ကိုဖြည်းညင်းစွာလှည့်လိုက်သည်။

သူ့မျက်နှာကိုဘယ်လိုကြည့်ရမလဲ...
အထင်သေးတဲ့မျက်ဝန်းတွေနဲ့...လှောင်ပြောင်လိုတဲ့မျက်နှာထားနဲ့များ...

"ဘာကိုလဲ ဆောင်း..."

အတွေးတို့နှင့်ဆန့်ကျင်စွာ ထွက်လာသောအသံတို့က တည်တည်ငြိမ်ငြိမ်။
အသံတို့ကိုအားပြုကာ မော့ကြည့်မိတော့
ကောင်းဆက်မျက်နှာက ပကတိအတိုင်းအေးဆေးလွန်းနေတာ...

"ငါ့ကိုဘယ်လိုမြင်လဲလို့..."

ထိုစကားသည် အဓိပ္ပာယ်အပြည့်အဝကိုမပြောသည့်တိုင် မေးချင်သည့်ဆိုလိုရင်းကိုတော့ ကောင်းဆက်သိပါလိမ့်မည်။
ကောင်းဆက်က "အင်း..." ဟုသံရှည်စွဲကာ
ဆောင်းဦးမျက်နှာကိုစေ့စေ့ကြည့်သည်။

"ဘာကိုဘယ်လိုမြင်ရမှာလဲ...မင်းကမင်းပဲပေါ့"

တစ်လုံးချင်းပီပီသသပြောလာသူကြောင့်
ဆောင်းဦးမျက်လုံးများဝိုင်းသွားသည်။
ရင်ထဲရှိအနက်ရှိုင်းဆုံးနေရာတစ်ခုမှလှုံ့ဆော်မှုက တစ်ကိုယ်လုံးကို နွေးထွေးသွားအောင်လွမ်းခြုံသွားသည်။

ဆောင်းတို့သည်လည်း မအေးတော့ပြီTempat cerita menjadi hidup. Temukan sekarang