ကျောင်းဝန်းထဲကနေ စကားပြောရင်းထွက်လာသည့် ကောင်လေးနှစ်ယောက်ကိုကြည့်ကာ ရှောင်းကျန့်မျက်မှောင်ကုတ်လိုက်သည်။
ဒီနေ့လဲ အဲ့ဒီကောင်လေးနဲ့ပဲလား...။
ဝမ်ရိပေါ်ကျောင်းဆင်းချိန်တိုင်း အချိန်တိုက်ပြီးရှောင်းကျန့်လာကြိုနေမိတာ လေး ငါးရက်မကရှိနေပြီ။ ရှောင်းကျန့်လာကြိုတိုင်း ဝမ်ရိပေါ်သည် ကျောင်းရှိလူတွေကုန်လုနီးပါးမှ အေးဆေးသည့်ခြေလှမ်းတွေနဲ့ထွက်လာတက်သည်။ ဒါပေမယ့် သူတစ်ယောက်တည်းမဟုတ်။ ဘေးနားမှာ ခပ်ချောချောကောင်ငယ်လေးတစ်ယောက်နဲ့။
သူစိမ်းနဲ့ခင်မင်ဖို့မလွယ်သည့်ဝမ်ရိပေါ်ဟာ ထိုကောင်ကလေးကိုတော့ခင်ပုံပဲ။ ထိုကောင်ကလေးနဲ့အတူ ကျောင်းဆင်းတိုင်း ယှဉ်တွဲကာထွက်လာတက်သည်လေ။ တစ်ခါတစ်လေ ထိုကောင်လေးက ဝမ်ရိပေါ်ပခုံးကိုပါ မှီတွယ်ကာပါလာတက်သည်ကြောင့် ရှောင်းကျန့်စိတ်တွေအလိုမကျ။
ဝမ်ရိပေါ်ဟာကောင်ကလေးတစ်ယောက်ဖြစ်ပြီး ထိုကောင်ကလေးဟာလည်း ကောင်ကလေးတစ်ယောက်ဖြစ်ပေမယ့် ရှောင်းကျန့်စိတ်ထဲ ဘာကိုအလိုမကျဖြစ်နေသည်မသိ။ ဒီလိုယှဉ်တွဲလာသည်ကိုစိတ်ထဲအလိုမကျကာ မျက်မှောင်ကုတ်ကာကြည့်နေမိသည်။
ဝမ်ရိပေါ်သည် ရှောင်းကျန့်ကိုမြင်သည်နှင့် ဘေးနားကကောင်ကလေးကို ဘာပြောလိုက်သည်မသိ။ ထိုကောင်ကလေးသည် ရှောင်းကျန့်ကိုတစ်ချက်စိုက်ကြည့်ကာ ဝမ်ရိပေါ်ဘက်ပြန်လှည့်သွားပြီး ဝမ်ရိပေါ်ရဲ့ပါးဖောင်းဖောင်းလေးကို လက်လေးနဲ့ဖိညစ်ကာ အခြားဘက်သို့ထွက်သွားခဲ့သည်။ ထိုမှဝမ်ရိပေါ်သည် ရှောင်းကျန့်ဘက်သို့ အေးဆေးသည့်ခြေလှမ်းတွေနဲ့ လျှောက်လာခဲ့သည်။
" ဒီနေ့ရော လမ်းကြုံတာလား..."
" အင်း ဟုတ်တယ် "
" အဲ့ဒါဆို ပြန်မယ်လေ "
ပြောရင်း ကားပေါ်တက်သွားသည့်ရိပေါ်ကိုကြည့်ကာ ရှောင်းကျန့်စိတ်ထဲဘဝင်မကျဖြစ်မိသည်။ ဘာလဲ ဝမ်ရိပေါ်က သူ့ကိုအရင်လိုမခင်တွယ်တော့တာလား။
ရှောင်းကျန့်ကားပေါ်တက်ပြီး ဝမ်ရိပေါ်ကိုတစ်ချက်ကြည့်တော့ ကားခါးပတ်လေးပတ်ထားကာ ဖုန်းထိုင်ကြည့်နေသည့် ဝမ်ရိပေါ်ပုံစံဟာ ဘာကိုမှဂရုမစိုက်သလို။ ဒီပုံစံဟာ ဝမ်ရိပေါ်ပုံစံဆိုပေမယ့် ဒီနေ့ဝမ်ရိပေါ်ဖြစ်နေသည့် ပုံစံကိုရှောင်းကျန့်တစ်က်ာမကြိုက်ဘူး။ ဒါကြောင့် ရှောင်းကျန့်သက်ပြင်းအသာချကာ ကားကိုမောင်းထွက်ခဲ့လိုက်သည်။