အပိုင်း (၂၉)

9.8K 364 17
                                    

ပြက္ခရွေတောင် ခရီးစဥ်နေ့.......။

အစတုန်းက ပိတောက်ဆောင်မှာ အသင်းဝင်တွေအများကြီးမရှိလောက်ဟုထင်ထားခဲ့သော်လည်း ခရီးသွားမည့်နေ့မနက်ခင်း ၃နာရီတွင်တော့ တော်တော်များများသည် လှုပ်လှုပ်ရှားရှားဖြစ်နေကြသည်။

မနက်လေးနာရီတွင် အဆောင်တိုင်းသို့ ကားကြိုလွှတ်ပေးမည်ဟု ပြောထားသောကြောင့်
မနက်လေးနာရီထိုးခါနီးတွင် အဆောင်အောက်၌ အဆောင်မှ စီနီယာအစ်မတစ်ယောက်သည် လူစစ်လေသည်။

မိုးသည် ဒူးထောက်ကာ ဂျင်းဘောင်းဘီအား ခေါက်နေရသည်။
အရပ်ငါးပေမပြည့်တပြည့် မိုးအတွက် ဖွားဖွားဝယ်ပေးလိုက်သော ဘောင်းဘီသည် အနည်းငယ်ရှည်နေလေသည်။
အောက်ခံအနက်ရောင်လက်ရှည်ပေါ်၌ သွေးလှူအသင်း၏ အင်္ကျီအဖြူရောင်ကို ဝတ်ထားသည်မှာ ပေါင်အထိရောက်နေပြီး ခပ်ပွပွပင်ဖြစ်နေသည်။
ကြွယ်ကြွယ်တို့နှင့် ဆင်တူဝယ်ထားသော Sneakerအဖြူ အနက် အရောင်စပ်လေးအား ကြည့်ပြီး ကိုယ့်ကိုကိုယ် သဘောကျနေပြန်သည်။

''မိုး နင့်ကျောပိုးအိတ်ထဲက ဘာတွေလဲ
ဖောင်းနေတာပဲ''

ခင်ခင်သည် အိတ်ကိုပုတ်ကာမေးလာသည်။
မိုးသည် တော်ကြာတောင်တက်နေရင်းဗိုက်ဆာမည်စိုး၍ ရေဘူးနှင့် မုန့်များထည့်လာခြင်းဖြစ်သည်။

''ဘီစကစ် ပေါင်မုန့် အာလူးကြော်ဘူးနဲ့ ရေဘူး
ပြီးတော့ တစ်ရှူးထုပ်တွေနဲ့အနာကပ်ပလာစတာ အာ ရှူဆေးလည်းပါတယ်''

''နင့်တော့ မနိုင်ဘူးဟေ့ ဘာတွေ တွေးပူနေတာတုန်း ကြက်ခြေနီအသင်းလည်း ပါပါတယ်ဟ''

''ဟီးဟီး ...ဟဲ့ဟိုမှာ ကားလာပြီ''

အဆောင်ရှေ့သို့ ထိုးရပ်လာသော ကားနှစ်စီးပေါ်သို့ တက်ကြပြီးသည့်နောက် စုရပ်ဖြစ်သော
ဘွဲ့နှင်းသဘင်ခန်းမရှေ့သို့သွားကာ လူစစ်လေသည်။

လူစစ်ပြီးနောက် ဆယ့်ငါးယောက် ရှစ်ဖွဲ့ ဖွဲ့ပေးသည်။ ပေါင်းသင်းဆက်ဆံရေးအလေးပေးကာ ကျပန်းဖွဲ့ပေးသည့်အပြင် ကြက်ခြေနီအသင်းဝင်များကိုပါ စနစ်တကျ ထည့်ပေးထားသည့်မို့ ဥက္ကဌ၏အိုင်ဒီယာမှာ စိတ်ချစရာပင်။

Falling in love with Sunflower 🌻(Completed)Where stories live. Discover now