*ဘုတ်*
ယိုင်နဲ့မတတ် အခြေမငြိမ်ချင်သော အနက်ရောင်ခံ စကိတ်ဘုတ်ပြားရဲ့ ဗဟိုချက်မအား ဂျယ်ယွန်းက ခြေထိပ်ဖြင့် ကလှန်ထုတ်လိုက်သံဖြစ်၏။
ထို့နောက် အဆစ်အဖျားနီတာရဲလုသောလက်ထဲသို့ပွေ့ပိုက်ကာ နေရာပြောင်းစေသည်။
ဂျယ်ယွန်းရဲ့ပိန်ပါးပါးကျောပြင်နောက်တွင်တော့မက်မွန်ရောင်ဆည်းဆာယံသည် လီမွန်တစ်လုံးပေါ် ခပ်ကြဲကြဲစွန်းထင်းရုံ နေဝန်းအနား ဖြာနေ၏။
ဤအခိုက်အား စုံလှည့်ငေးပြီးနောက်တွင်တော့ ခပ်လှမ်းလှမ်းမှမြင်ရတဲ့အိမ်ရှိရာကုန်းပြင်မြင့်ဆီတမ်းရင်း အိမ်ပြန်လမ်းအတွက် ဂျယ်ယွန်းတွေဝေရသည်။
ဒယ်ဒီသည် သူ့ဇနီးလောင်းအသစ်အား ယနေ့ည အိမ်မှာ တည်ခင်းအိပ်စက်စေမည်တည်း။
ပင်ကိုမကြည်မရှင်းဖြစ်ရသော သူ့စိတ်ထံ မိထွေးပါသားကိုပါ မြင်ရဦးမည်ဆိုသည့်အသိက နောက်ကျိသထက် နောက်ကျိရသည်။
သူထိုင်ခဲ့ရရာစားပွဲဝိုင်းရှေ့မှောက်ကမထုံတတ်သေးဆန်ဆန် သန့်ပြန်နေသည့် အမျိုးသားရဲ့ပုံရိပ်။
အေးအေးလူလူပင် သူ့ကိုယ်သူအရှုံးသမားနှယ် ယူဆသတ်မှတ်ထားရာ ဂျယ်ယွန်းအဖို့၊
ထိုလူ့ထံမှ ကော့ညွှတ်ပြီးတောက်ပသော သမင်မျက်ဝန်းအစိတ်အပိုင်းတွေသည်မြင်ပြင်းကတ်စရာ လင်းလုလွန်းသည်။
တောလမ်းထဲလမ်းပျောက်ရာမှမြင်ရသောလမိုက်ညရဲ့ ဓူဝံကြယ်အလင်းသောင်ထွန်းသည့်နှယ်။
လေးကိုင်းသဏ္ဍာန်ကွေးတဲ့ နှုတ်ခမ်းစွန်းဖျားတွေနှင့် ပြုံးပြလာပုံကိုက အမှောင်ထုထဲမှ သူ့ကိုလှောင်ရယ်
ပြက်နေသည်ဟု ဂျယ်ယွန်းက တေးမှတ်၏။ထိုကြောင့်ပင် တစ်ခုခုတော့ ပညာပြမှဖြစ်မည်ဟု 'စုတ်'တစ်ချက်သတ်လျက်၊ညစ်ပတ်သောအကြံတစ်ခုနှင့် Play ဖို့ရာ ဂျယ်ယွန်းဟန်ပြင်လိုက်သည်။
မစတင်ခင်တည်းက 'မြား'ကုန်ပြီဖြစ်သော ကစားပွဲဆိုလျှင်ပင်သူ့အနေနှင့်လက်ကျန် 'လေး'ဖြင့် ပေါက်ကာ ခွင်းရန်လည်းဝန်မလေးတော့။