တိမ်တွေ ညိုနေပေပြီ။
မြူမှုန်များစွာ သိုင်းတော့မည့်မတတ် အမှောင်ဟာ တစိုးတစဖွဲ့လို့။မသိစိတ်၏အစဥ်မှာနှလုံးစိုင်တစ်ခုလုံးခဲဆွဲထားခံရသည့်နှယ်ပြန်ရာလမ်းတစ်လျှောက်လုံးမှာ ဂျယ်ယွန်းအဖို့ မှိုင်းညို့လေးဖင့်လာခြင်းဖြစ်သည်။
ခေါင်းထဲဝယ်'ညနေစောစောလာကြိုမယ်'သဖြင့် ကတိကဝတ်အထပ်ထပ်နွယ်ရစ်ခဲ့ကာမျှော်လင့်ချက်တို့မျိုးစေ့ချပြီးပေါ်မလာသူအကြောင်းသာ ပြည့်နှက်နေပါတော့၏။
အစ်ကိုသာလျှင် သူ့ကိုအမှောင်ထုကနေ ကယ်ထုတ်နိုင်မည့် တန်ခိုးရှင်သည့်နှယ်။
သူ့ကိုယ်သူမယ်တော့...အစ်ကိုစစ်မခင်းသောနယ်မြေနမိတ်ထဲကအကြွင်းအကျန်သုံ့ပန်းတစ်ဦးသည့်နှယ်အလိုလိုအရှုံးပေးလိုစိတ်သာယဲ့သဲ့သဲ့ကျန်ခြင်းဖြစ်ရဲ့။
သပွတ်အူထက်ရှုပ်ထွေးပါသောခရမ်းရောင်ချစ်ခြင်းတွေဟာ ရံဖန်ရံခါ ဂမ္ဘီရဝတ္ထုတို့ထက်ပင် ပဉ္စလက်ဆန်သည်ပင်လိမ့်။
လူတွေအပေါ်အတော်ကြာယုံကြည်အားကိုးလိုမှုပျက်သုဥ်းခဲ့သော သူ့ရပ်ဝန်းထဲအစ်ကိုလှမ်းဝင်ချိန်မှာ အတ္တရောင်စပ်တွေ နှစ်ဆခြယ်မှုန်းတတ်လာသည်။
ဘယ်သူ့မှလူရာမထင်၊ရေပက်မဝင်ခဲ့သောကကျိုးကကြောင်မျက်ဝန်းများဟာ..ယခုဆိုအစ်ကို့ကိုမှတဒင်္ဂမမြင်လျှင်ပင်ချက်ချင်းကန်းသေရတော့မည့်အလား။
ဝင်ရိုးမဲ့သောလေဟာနယ်၌ ယဥ်ယဥ်လေးနှင့်အစွန်းရောက်မိသည်မှာ ဆေးမတိုးတော့သောစိတ်ဝေဒနာသည်တစ်ဦးနှင့်ပင်အသွင်တူပြီးရင်းတူပေတော့မည်တည်း။
"ဘာလို့လာမကြိုတာလဲဟင်"
"မကြိုဖြစ်ဘူးဆိုလည်းဖုန်းဆက်ပြီးတော့ဖြစ်ဖြစ်
အကျိုးအကြောင်းပြောလို့ရတာပေါ့ ကိုကိုရယ်"အိမ်ပြန်ရောက်တာနှင့်ဂျယ်ယွန်းအပြေးနှင်မိသည်မှာ အစ်ကို့အခန်းတံခါးကိုဖွင့်၍၊တဇွတ်ထိုးပင် ကလေးတစ်ယောက်လိုချွဲ့နွဲ့ဖို့ အစ်ကို့ပခုံးပေါ် ငှက်မွှေးလေးတစ်စလို ခေါင်းအပ်ရန်သာ။
သို့သော် စာကြည့်စားပွဲပေါ် ငိုင်တိုင်တိုင်ထိုင်ဆဲ အစ်ကိုက သူ့ကိုနည်းနည်းလေးပင်လှည့်မကြည့်ဘဲ ငြိမ်ချက်သားကျနေခြင်းဖြစ်ရဲ့။

ESTÁS LEYENDO
Sour Grapes
Fanfictionချဥ်သက်သက်အချစ်မျိုးသာဆိုရင်တော့ ဆက်မြည်းစမ်းဖို့ငါဝန်လေးမှာပါ။