"တောင်းပန်ပါတယ်။ ကျနော်ကအဲ့လောက်ထိသောက်သုံးမကျတဲ့သူဖြစ်နေခဲ့လို့"
စကားဆုံးသည်နှင့် စားပွဲဝိုင်းထဲကနေ ထွက်ပြေးလာမိတဲ့ ကိုယ့်ပုံရိပ်ကိုပင် ပြန်လည်ပုံဖော်နိုင်စွမ်းမရှိတော့သည်အထိ ဂျယ်ယွန်းက အားလျော့လာသည်။
ကိုကို့ရှေ့မှောက် ဖြစ်၍ပျက်သုန်းသော အခိုက်အတန့်မို့သူရှက်သည်။သိမ်ငယ်သည်။
နဂိုတည်းက ယိုင်နဲ့နေပြီးသော ကြိုးမျှင်စလေးတွေ တိခနဲဖြတ်ချခံလိုက်ရသည့် ဝိုးတဝါးခံစားမှု။
ထိုခံစားမှုတို့က လည်ချောင်းထဲ တစ်စို့နေ၏။
ယခင်လောက် အငိုမလွယ်တော့ပင်ငြား၊
ယခင်လိုပျော့ညံ့ဆဲဖြစ်သောမျက်ရည်စတွေအား ထိန်းချုပ်နိုင်စွမ်းမရှိတော့ အရာအားလုံးထက် သူ့ကိုယ်သူပိုပြီး စိတ်တိုရသည်။အရင်လိုသေလူလိုမျိုးမရှင်သန်လိုတော့သည့်နေ့ရက်များရဲ့ ခြေဦးအစမှာ ဒယ်ဒီ့ထံမှအယုံကြည်မဲ့မှုက သူ့အဖို့ မြေစာထပ်နင်းခံရသော မြက်ကလေးတစ်ပင်သည့်နှယ်။
သူဟာ တကယ်ပင် သုံးစားမရတော့ပြီလား။
တွယ်တာ၍ချစ်ရတဲ့ ကိုကိုကရော တစ်ချိန်ချိန်မှာ ဒယ်ဒီ့လိုမျိုး စိတ်ပျက်ငြီးငွေ့လာလိမ့်မလား။
တောင်စဥ်ရေမရ အတွေးများရဲ့သမုဒ္ဒရာအလယ် ဂျယ်ယွန်းနောက်တစ်ဖန် နစ်မြှုပ်ရ၏။
သူသည် နံနက်မိုးလင်းထဲက အိမ်မှထွက်ပြေးလာပြီး၊ လူခြေတိတ်သော ရပ်ကွက်တစ်ခုရဲ့ လမ်းသွယ်ထဲ လှည့်လည်ရင်း တိတ်တဆိတ်ပုန်းခိုနေမိသည်။
ကောင်းကင်ယံဝယ်မှောင်ရိပ်သန်းစပြုပြီမို့၊ မကြာခင်
ညဦးပိုင်းထဲဝင်တော့မည့်တိုင် ဂျယ်ယွန်း အိမ်ပြန်လမ်းကို မမြန်းလိုပေ။ဒီအချိန်လောက်ဆို ကိုကိုဟီဆွန်းတစ်ယောက် ပြာယာခတ်ချင်တိုင်းခတ်လျက်၊စိတ်အပူဆုံးဖြစ်နေလိမ့်မည်ကို သူမှန်းဆမိပါသည်။
သို့သော်....။
သို့သော်လည်း မွန်းကြပ်လျက် ရှုပ်ထွေးနေသော နှလုံးသားဝင်္ကပါမှစေခိုင်းမှုကြောင့် အိမ်ပြန်လမ်းရဲ့ ဆန့်ကျင်ဘက်ဦးတည်ရာဆီသာ ခြေရွေ့နေမိသည်။