💕 The End of Happiness

9.8K 303 22
                                        

" ဘာမှအားမငယ်နဲ့နော် အမောင်တစ်ယောက်လုံးရှိတယ် သိလား "

ရွာအနောက်ဖက်ကချောင်းကိုဖြတ်ဆောက်ထားတဲ့ ချောင်းတံတားလေးပေါ်မှာ နှစ်ယောက်သားရပ်နေကြတုန်း ဘုဏ်းမိုရ်ဆီကထွက်လာတဲ့စကားသံက ငြိမ်းချမ်းကိုခွန်အားတွေဖြစ်စေရပါသည်။

ဒါပေမဲ့ တစ်သက်လုံးနေခဲ့တဲ့ ဒီရွာကလေးကနေ အပြီးတိုင်ထွက်သွားရတော့မယ်ဆိုတော့လည်း ငြိမ်းချမ်းမှာဖြေမဆည်နိုင်သေး။

အခုလည်း ငြိမ်းချမ်းတို့နှစ်ယောက်သား ချောင်းတံတားလေးပေါ်မှာရပ်ကာ ရွာကလေးကိုနောက်ဆုံးနှုတ်ဆက်နေကြခြင်းသာဖြစ်သည်။

သန်ဘက်ခါမှာ ဒီရွာကနေထွက်သွားပါ့မယ်လို့ ဘုဏ်းမိုရ်ကပြောခဲ့ပေမဲ့ ငြိမ်းချမ်းကချက်ချင်းထွက်သွားချင်တယ်လို့ပြောခဲ့တာကြောင့် ဘုဏ်းမိုရ်ကညတွင်းချင်းပင် အထုပ်အပိုးတွေပြင်ကာ မနက်ရောင်နီသန်းလာလာချင်းရွာကလေးကထွက်လာခဲ့ကြခြင်းပင်ဖြစ်သည်။

ခပ်စောစောလေးထွက်လာခဲ့တာမို့ အိပ်မောကျပြီးတိတ်ဆိတ်နေဆဲရွာကလေးက ငြိမ်းချမ်းတို့ထွက်လာတာကိုသတိထားမိလိုက်ကြဟန်မတူ။

" သွားကြရလေ ချစ်သော၊ နေပူလာရင် ချစ်သောပင်ပန်းလိမ့်မယ် "

ဘုဏ်းမိုရ်ရဲ့စကားသံအဆုံးမှာ ကျောပိုးအိတ်ကြိုးကို ပုခုံးပေါ်ဆွဲတင်လိုက်သည်။နွေရာသီမို့ ခပ်နည်းနည်းသာစီးတော့တဲ့ရေချောင်းကလေးကိုနောက်ဆုံးငေးကြည့်မိသည်။

" ဒီနားလေးမှာပဲ၊ အမောင်ကငါ့ကိုသီချင်းဆိုပြခဲ့ဖူးတယ် "

" ဟုတ်တယ်… ကြာရွက်ထီးကလေးတွေဆောင်းထားခဲ့ကြတဲ့နေ့ကလေ "

" တို့နှစ်ဦးဆုံတွေ့ကြမဲ့…… မြကန်သာ သူရောက်လာမှ…… အတိုးချကာ…… အငြိုးနဲ့ရွာပါရွှေမိုးညို…… "

ငြိမ်းချမ်းစကားကို ထောက်ခံသလိုပြန်ပြောရင်း ဘုဏ်းမိုရ်ကသီချင်းကိုအသံထွက်တယ်ဆိုရုံလေး ခပ်တိုးတိုးညည်းသည်။

ငြိမ်းချမ်းတို့နှစ်ယောက်သား ကြာရွက်ထီးကလေးတွေဆောင်းရင်း တံတားဘောင်ကိုမှီရပ်ခဲ့ကြတဲ့ပုံရိပ်က မျက်လုံးထဲကိုအပြေးဝင်လာသည်။

💕 ချစ်သောအမောင်Where stories live. Discover now