အထက်တန်းအောင်လို့ အသက် ၁၈ နှစ်ပြည့်ပြီးသည့် ဝမ်ရိပေါ်က Luggage တစ်လုံးကို ကိုင်ဆွဲကာအငှားကားပေါ်မှ ဆင်းလာသည်။
နိုင်ငံတစ်ဝန်းဟိုတယ်လုပ်ငန်းအများအပြားပိုင်ဆိုင်သည့် ဝမ်လုပ်ငန်းစု၏တစ်ဦးတည်းသောသားက အငှားကားစီး၍တက္ကသိုလ်တက်လျှင်နေရမည့် ကျောင်းသားဆောင်သို့တစ်ယောက်တည်းရောက်ရှိလာသည်မှာမေးခွန်းထုတ်စရာများရှိ၏။
ရွှေပုံပေါ်မှာ ရွှေဇွန်းကိုက်ပြီးမွေးလာသည့် ဝမ်ရိပေါ်က မူကြိုအရွယ် ငယ်စဉ်ကတည်းမှစ၍ တက်ရောက်ခဲ့သမျှမူလတန်း၊အလယ်တန်း၊အထက်တန်းစသည့်အချိန်ကာလများ၌ အထူးအခွင့်ရေးပေးခံရမှုများ၊အတန်းဖော်များ၏အာရုံစိုက်မှုများကို အမြဲလိုလိုကြုံတွေ့ခဲ့ရတာကြောင့် သူ၏တက္ကသိုလ်ကျောင်းသားဘဝကိုတော့ သာမန်ကျောင်းသားတစ်ဦးကဲ့သို့ပဲဖြတ်သန်းချင်တာဖြစ်သည်။
မီဒီယာတို့ထဲပါဝင်သည်အထိ ပေါ်ပေါ်ထင်ထင်မနေခဲ့သော်လည်း ငယ်စဉ်ကမိဘများကိုယ်တိုင်ကျောင်းလိုက်အပ်ပေးကြသည့်အခါ နောက်ခံအသိုင်းအဝိုင်းကိုဆရာ၊ဆရာမများ အတန်းဖော်များကသိရှိခဲ့ကြခြင်းဖြစ်၏။
ထို့ကြောင့် ယခုတွင်တော့ သူ့မိဘများ၏ခွင့်ပြုချက်ဖြင့်သူတက်ရောက်မည့်စီးပွားရေးမေဂျာအတွက်တက္ကသိုလ်ကို ကိုယ်တိုင်ရွေးချယ်ခြင်းမှအစ၊ ကျောင်းအပ်ခြင်းနှင့် ကျောင်းတက်စဉ်နေထိုင်ဖို့ကျောင်းသားအဆောင်စသည်တို့ကိုသူ့ဟာသူစီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ဝမ်ရိပေါ်အနေနဲ့ တစ်ကိုယ်တော် ကိုယ့်ခြေထောက် ပေါ်ကိုယ်ရပ်တည်ခြင်းမျိုးတော့မဟုတ်။တက္ကသိုလ်အသုံးစရိတ်အတွက်အိမ်၏အထောက်အပံ့ကိုယူရဆဲပဲဖြစ်ပြီး ဒီတိုင်းပင်ကြွယ်ဝသည့်လူတစ်ဦးလို ပေါ်ပေါ်ထင်ထင်နေခြင်း၊ ကားအကောင်းစားများဖြင့်ကျောင်းတက်ကျောင်းဆင်းခြင်းများမပြုလုပ်ချင်ရုံသာဖြစ်၏။
အကယ်၍ဝမ်ရိပေါ်သာ အနှိမ်ခံဘဝ၊ ချို့တဲ့သည့်ဘဝကိုဖြတ်သန်းခဲ့ရသူတစ်ဦးဖြစ်မည်ဆိုလျှင်သူ၏အတွေးအမြင်များသည်လည်းတစ်မျိုးပြောင်းလဲချင်ပြောင်းလဲမည်ဖြစ်သည်။