ဝမ်ရိပေါ်၏အာရုံကစီးကရက်ပေါ်မှာမဟုတ်ဘဲတခြားတစ်ခုပေါ်ရောက်နေခဲ့တာကြောင့်စီးကရက်အငွေ့တွေကိုအယောင်ယောင်အမှားမှားဖြင့်တစ်ဆုံးထိရှိုက်မိသည့်အခါ မျက်ရည်ဝဲသည်အထိချောင်းဆိုးသည်။
"ဟား...ဟား..."
အဆက်အပြတ်သီးနေတာကြောင့်နှာခေါင်းထိပ်ပင်နီရဲတွတ်လာသည့်ဝမ်ရိပေါ်၏အဖြစ်ကိုရှောင်းကျန့်ကြည့်ရင်းရယ်မောလို့နေကာ ဝမ်ရိပေါ်ဆီကစီးကရက်ကိုပြန်ယူလိုက်ပြီး စားပွဲမျက်နှာပြင်ဖြင့်စီးကရက်မီးကိုထိကပ်ငြိမ်းသတ်လိုက်သည်။စားပွဲပေါ်ထိုင်နေရာမှအောက်သို့ဆင်းလိုက်ပြီးရေခဲသေတ္တာထဲကဘီယာတစ်ဘူးကိုယူဖောက်၍ဝမ်ရိပေါ်ရှေ့သို့ထိုးပေးလိုက်သည်။
"သောက်လိုက်...စီးကရက်မွှန်တာပျောက်သွားလိမ့်မယ်..."
ဝမ်ရိပေါ်မယုံပေမယ့် ရှောင်းကျန့်ကအတင်းထိုးပေးနေသည့်အခါ မငြင်းသာဘဲတစ်ငုံသောက်လိုက်သည်။အေးစက်စက်နှင့်ခါးသက်လွန်းသည့်ဘီယာအရသာကြောင့်ဝမ်ရိပေါ်၏မျက်နှာရှုံ့မဲ့သွား၏။ဒါကိုလည်းရှောင်းကျန့်ကြည့်ကာရယ်လိုက်ရင်းဝမ်ရိပေါ်လက်ထဲကဘီယာဘူးကိုပြန်ယူ၍ဆက်သောက်လိုက်သည်။
သူသောက်ပြီးသားဘူးကိုဆက်၍သောက်လိုက်သည့်ရှောင်းကျန့်၏အပြုအမူကြောင့်ဝမ်ရိပေါ်ရင်ထဲဆတ်ကနဲဖြစ်သွားတုန်းမှာရှောင်းကျန့်ကဘီယာဘူးကိုခဏချ၍ ရုတ်ချည်းဆိုသလိုဝမ်ရိပေါ်၏လည်ပင်းကိုသိုင်းချုပ်လိုက်ပြီးသပ်သပ်ရပ်ရပ်ရှိနေသည့်ဝမ်ရိပေါ်၏ဆံပင်များကိုလက်ချောင်းများဖြင့်ထိုးဖွပစ်လိုက်သည်။
"အခုမှ အသားစားဖူးတဲ့ ခွေးပေါက်လေးလို မင်းက တကယ်ကိုအူရိုင်းလေးပဲ..."
ရယ်သံစစဖြင့်ပြောလိုက်သည့်စကားကချီးကျူးစကားလား ၊ လှောင်သည့်စကားလားဆိုတာဝမ်ရိပေါ်မစဉ်းစားနိုင်သေး။ ဘီယာအေးဆေးဆက်သောက်နေသည့်ရှောင်းကျန့်ကိုကြည့်ရင်း ရှောင်းကျန့်ထိုးဖွသွားသည့် သူ့ဆံပင်တွေကိုလက်နဲ့ပြန်စမ်းကာထင်ကျန်နေဆဲဖြစ်သောလက်ချောင်းတို့၏အထိအတွေ့များကိုပြန်အောက်မေ့နေမိသည်။သိုင်းချုပ်ခံခဲ့ရသည့်လည်ပင်းတစ်ဝိုက်ကလည်း ရှိန်းတိန်းဖိန်းတိန်း။