တစ်လကြာပြီးနောက်...
တစ်လဆိုသည့်အချိန်အခါအတွင်း၌ ဘေကျင်းမြို့၏နေ့စဉ်ထုတ်သတင်းစာများတွင် ထိပ်သီးသတင်းကြီး (၄) ခုက တစ်လှည့်စီနေရာယူသည်။
၁။ SVS လုပ်ငန်းစု၊ ဝမ်လုပ်ငန်းစုနှင့် ယွမ်လုပ်ငန်းစုတို့၏ ပူးပေါင်းလုပ်ငန်းများဖျက်သိမ်းခြင်းနှင့်အတူ ရှယ်ယာဈေးများသိသိသာသာထိုးကျသွားခြင်း။
၂။ မိဘတို့၏ဆန္ဒကိုဆန့်ကျင်သော သားဖြစ်သူအား ဝမ်လုပ်ငန်းစုမှ အမွေပြတ်စွန့်လွှတ်ခြင်း။
၃။ ဆွဇ်ဇလန်သို့သွားသည့်လေယာဉ်ပေါ်၌ ပါသွားသည်ဟုသာသိလိုက်ရပြီး ဘယ်နေရာမှာမှ ရှာလို့မရအောင် စုံးစုံးမြုပ်ပျောက်လို့သွားသည့် သမီးဖြစ်သူအား ယွမ်လုပ်ငန်းစုမှ အမွေပြတ်စွန့်လွှတ်ခြင်း။
သတင်း (၄)ခု အနက် အများနှင့်မတူစွာ ထူးထူးခြားခြားနောက်ဆုံးသတင်းက...
၄။ SVS လုပ်ငန်းစုမှ သားဖြစ်သူက မိခင်နှင့်ဖခင်အား မိဘများအဖြစ်မှ စွန့်လွှတ်ခြင်း။
_______________ _____________"ကျစ်..."
အချိန်ပိုင်းအလုပ်မှပြန်လာပြီး အိမ်ရှေ့ကတစ်လုံးတည်းသော ဆိုဖာခုံပေါ်မှာထိုင်မည်ဟုကြံရုံပဲကြံလိုက်ရသေးသည့်အချိန်တွင် တဖွဲဖွဲကျလို့လာသည့် မိုးစက်များကြောင့် ဝမ်ရိပေါ် အိမ်အနောက်ဘက်သို့ အပြေးသွားလိုက်ပြီး မနက်တုန်းက လှန်းခဲ့သည့် အဝတ်များကို အမြန်ရုတ်လိုက်သည်။
လက်ထဲတစ်ပွေ့တစ်ပိုက်ပါလာသည့် အဝတ်များအားဝမ်ရိပေါ်သူ့အိပ်ရာပေါ်သို့တင်သည်။မနေ့ကတည်းက စောင်တွေ၊ အိပ်ရာခင်းတွေလျှော်ဖို့ မှန်းထားသော်လည်း မိုးတွေရွာတာကြောင့် မလျှော်ဖြစ်ခဲ့ခြင်းဖြစ်သည်။ဒီနေ့တော့ကံကောင်းထောက်မစွာဖြင့်ခြောက်သွေ့လို့နေပြီဖြစ်သည့် သူ့အဝတ်များကို ဝမ်ရိပေါ် လက်ပူသေချာတိုက်လို့နေသည်။
မီးပူတစ်လုံးရှိသော်လည်း အဝတ်များကို လက်ပူတိုက်ရခြင်းအကြောင်းက မီတာခခြွေတာရာရောက်ပြီး မကုန်သင့်တာ မကုန်စေရန်ဖြစ်၏။ထိုအပိုကုန်ကျမည့်အရာတွေကို ဝမ်ရိပေါ်တတ်နိုင်သမျှရှောင်ကြဉ်၍ လိုအပ်တာများကို ဝယ်ယူ၏။ ဥပမာ- ပြန်တက်ဖို့ရည်ရွယ်ထားသည့် ကျောင်းအတွက် လိုအပ်သည့်စာအုပ်များကို ဖြည်းဖြည်းချင်းဆီဝယ်စုထားခြင်းဖြစ်သည်။