ရှောင်းကျန့်စီးကရက်တစ်လိပ်ကိုကိုင်သောက်နေရင်း ငွေထုတ်စက်တစ်ခုရှိရာသို့လျှောက်လာသည်။ဘောင်းဘီအိတ်ကပ်ထဲသို့လက်လျှိုသွင်းလိုက်ကာ ပိုက်ဆံအိတ်ကိုထုတ်ယူလိုက်၏။အထဲကဘဏ်ကတ်တစ်ခုကိုယူပြီးငွေထုတ်စက်ထဲသို့ထည့်၍လိုချင်သည့်ပမာဏကိုရိုက်နှိပ်လိုက်သည်။
"တီ...တီ...တီ...Error..."
Error ဆိုသည့်အချက်ပေးသံနှင့်အတူ ငွေထုတ်စက်၏မျက်နှာပြင်တွင် "ငွေထုတ်ခြင်းမအောင်မြင်ပါ"ဆိုသည့်စာတန်းပါထွက်လာသည့်အခါ ရှောင်းကျန့်မျက်ခုံးများကိုတွန့်ချိုးလိုက်သည်။ နောက်တစ်ကြိမ်ထပ်ကြိုးစားလိုက်သည့်အခါတွင်လည်းပထမတစ်ခေါက်လိုပဲဖြစ်နေသည့်အခါ ပိုက်ဆံအိတ်ထဲက ဘဏ်ကတ်နောက်တစ်ကတ်ကိုထုတ်လိုက်သည်။
"Error..."
"Error..."
"Error..."
"ဘုန်း...! "
ရှိသမျှ ဘဏ်ကတ်သုံးခုလုံးက Error တက်နေသည့်အခါ ရှောင်းကျန့်ဒေါသထွက်လာကာ ငွေထုတ်စက်ကိုခြေထောက်နဲ့လွှဲကန်လိုက်သည်။သောက်လက်စစီးကရက်ကိုလည်းမြေကြီးပေါ်ပစ်ချလိုက်ပြီးဖိနပ်ဖြင့်ဖိချေလိုက်၏။မီးခိုးရောင်ဆံပင်တွေကိုပွသထက်ပွအောင်ကြမ်းကြမ်းတမ်းတမ်းဖွ၍ဖုန်း Contact list ထဲက ဖုန်တက်နေသောနာမည်တစ်ခုကိုနှိပ်လိုက်သည်။
"တူ...တူ...တူ..."
ဖုန်းဝင်သွားပြီးမကြာမီမှာပင်တစ်ဖက်ကဖုန်းကိုင်သည်။
"နောက်ဆုံးတော့ သတိတရဖုန်းလှမ်းဆက်ပြီပေါ့..."
"အဲ့လောက်ထိလုပ်မှဖြစ်မှာလား..."
"အဲ့လိုလုပ်မှ ဖုန်းခေါ်လာတာမဟုတ်ဘူးလား...မင်းငါတို့ လင်မယားကို နည်းနည်းလေးတောင်မလွမ်းဘူးလား...ပြန်ရောက်နေတာတစ်လကျော်ပြီ တစ်ခါလေးတောင်လာမတွေ့ဘူး..."
"လွမ်းတယ်လို့ပြောရင် ဘဏ်ကတ်တွေပြန်ဖွင့်ပေးမှာလား..."
"ငါးရက်...ငါးရက်တိတိ ညနေစာပြန်လာစား..."
"ကောင်းပြီလေ လောလောဆယ်တော့ ကားခမရှိလို့ အခေါ်လွှတ်လိုက်..."
လက်ရှိနေရာမှာရှောင်းကျန့်စောင့်နေရင်း တစ်နာရီလောက်မကြာခင်မှာပဲ အနက်ရောင်ကားတစ်စီးကလမ်းမကြီး၏ပလက်ဖောင်းဘေးတစ်နေရာသို့ထိုးစိုက်လာသည်ကိုမြင်သည့်အခါထိုကားရှိရာသို့လျှောက်သွားလိုက်သည်။ ဒရိုင်ဘာကတံခါးဖွင့်ပေးဖို့ပင်မပြင်ရသေး ကားတံခါးကို ကိုယ်တိုင်ဖွင့်ကာ ကားအရှေ့ခန်း၌ဝင်ထိုင်လိုက်၏။