မနက်မိုးလင်းလို့မျက်စိနှစ်လုံးပွင့်လာသည်နှင့်ကြည့်လိုက်မိတာအခန်း၏ညာဘက်အခြမ်းကအိပ်ရာဖြစ်သည်။လစ်ဟာနေသည့်အိပ်ရာကဖော်ပြနေသည်။ရှောင်းကျန့်ညက ပြန်မလာဘူး။
ဘာကြောင့်ပြန်မလာတာလဲဆိုသည့်အတွေးနောက်မှာသူလုပ်လိုက်တဲ့အပြုအမူနဲ့သူပြောလိုက်တဲ့စကားတွေကြောင့်လားဆိုသည့်အတွေးကကပ်ပါလာတော့ရင်ထဲဘယ်လိုမှနေလို့မကောင်းတော့။အကျိုးအကြောင်းသိရအောင်ဖုန်းခေါ်ကြည့်တော့စက်ပိတ်ထားပါသည်နှင့်တိုး၏။ ဖုန်းအားမရှိလို့ပဲဟုဖြေသိမ့်လိုက်မိသည်။
အားမပါသည့်ခြေလှမ်းများဖြင့်ရေချိုးခန်းထဲဝင်သွားလိုက်သည်။လေးလံနေသည့်စိတ်ကိုရေအေးတွေကတောင် မကယ်နိုင်။နောက်ထပ်တစ်ကြိမ်ခပ်တိုးတိုးဆုတောင်းမိလိုက်သည်။ ရှောင်းကျန့်အဆောင်ပြန်မအိပ်တာသူ့ပယောဂကြောင့်တော့မဟုတ်ပါစေနဲ့။
ဖွင့်မပြောခင်ကတည်းက အကျိုးဆက်တွေကိုကြိုတွေးထားရမှာဆိုပေမယ့် ကိုယ့်ဟာကိုယ်တောင်မသိဘဲဗြုန်းစားကြီးဖွင့်ဟမိသွားတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲသူကြိုမတွေးနိုင်။သေချာတာတစ်ခုကတော့ သူ့အနေနဲ့ရှောင်းကျန့်နဲ့သူ့ကြားကဆက်ဆံရေးကိုဘယ်လိုမှအတိမ်းအစောင်းမခံနိုင်ဘူး။ ပိုပြီးတိုးတက်လာဖို့မျှော်လင့်ခြင်းထက် ရှိရင်းစွဲဆက်ဆံရေးကိုတော့လုံးဝမပျက်ဆီးစေချင်ဘူး။
ရေအေးနဲ့ရေချိုးခဲ့သည့်အရှိန်က ရေချိုးခန်းအပြင်ထွက်လာတော့အိပ်ခန်းအတွင်းမှလေအေးပေးစက်ကြောင့်ခန္ဓာကိုယ်ကိုပို၍ခိုက်ခိုက်တုန်စေ၏။ကျောင်းသွားဖို့အဝတ်အစားကိုမြန်မြန်သွက်သွက်ဝတ်လိုက်ပြီး မနေ့ညက ရှောင်းကျန့်ဆီကမွေးနေ့လက်ဆောင်ရထားသည့် ဂျက်ကတ်လေးကိုအပေါ်ကနေထပ်ဝတ်လိုက်မိသည်။
ဂျတ်ကတ်လေးက သူ့ခန္ဓာကိုယ်နဲ့တိုင်းချုပ်ထားသလိုတကယ်ကိုကွက်တိဖြစ်သည်။ ရှောင်းကျန့်ကသူ့ခန္ဓာကိုယ်အတိုင်းအတာကိုဘယ်လိုများသိလဲလို့ဆက်စပ်ပြီးတွေးလိုက်တော့ ပထမဦးဆုံးအကြိမ်ရှောင်းကျန့်နဲ့ကလပ်သွားဖူးတုန်းက ရှောင်းကျန့်သူ့ဂျတ်ကတ်ယူဝတ်ဖူးတာကိုသတိရလိုက်မိသည်။အဲ့တုန်းကတည်းက သူ့ခန္ဓာကိုယ်အတိုင်းအတာကိုတစ်ခါတည်းနဲ့မှတ်မိတာလားဆိုပြီး တစ်ဖက်သတ်လိုရာဆွဲတွေးမိတော့ စိတ်ကအလိုလိုကြည်နူးလာရသည်။