လက်ကောက်ဝတ်ကအင်္ကျီကြယ်သီးကိုတပ်ဆင်ရင်းလှေကားထစ်တွေကနေတစ်ဆင့်ချင်းဆင်းလာသည့် သားဖြစ်သူကို ကြည့်ကာ လီလီမျက်တောင်မခတ်နိုင်အောင်ဖြစ်ရသည်။
အနက်ရောင်အနောက်တိုင်းဝတ် စုံကို အတွင်းကအနက်ရောင်ရှပ်လက်ရှည်၊အနက်ရောင်နက်ခ်တိုင်နှင့် တွဲဝတ်လို့ထားတာကြောင့် နက်စွေးနေလွန်းသည့်အပြင်အဆင်ဟာတောက်ပနေလွန်းလှသည်။
အရင်က မြကျောက်၊ ကျောက်စိမ်းအစရှိတဲ့ အစိမ်းရောင်ကျောက်လေးတွေကိုနှစ်သက်တတ်ပေမယ့် နောက်ပိုင်း Black opal ကျောက်အမျိုးအစားကိုနှစ်သက်လာပုံရသည့် သူ့သားက လက်ပေါ်မှာ ဒိုင်ခွက်ကို Black opal နဲ့လုပ်ထားသည့် customised နာရီကိုဝတ်ဆင်လို့ထားသည်။
နက်ခ်တိုင်ပေါ်က Black opal ကျောက်နဲ့လုပ်ထားသည့် ညှပ် ကလစ်ကလည်းတောက်ပပြီးအရောင်တလက်လက်ဖြစ်လို့နေ၏။
"ကြည့်မဝနိုင်အောင်ပါပဲလား ရိပေါ်..."
အောက်ထပ်ရောက်လာသည့် ဝမ်ရိပေါ်ရှေ့သို့ လီလီလျှောက်သွားလိုက်ကာ နက်ခ်တိုင်လေးကိုသေသေချာချာထိန်းညှိပေးလိုက်သည်။
ယောကျာ်းပီသလွန်းသည့်မျက်နှာမှာအပြုံးတစ်ပွင့် သာဖြစ်ထွန်းလိုက်ရင် ဘာမှမလိုတော့အောင်ပြည့်စုံလို့သွားမည်ဖြစ်သော်လည်းအမြဲလိုလို တင်းနေလွန်းသည့်မျက်နှာထားနှင့်ထင်းနေလွန်းသည့် မေးရိုးများကြောင့်တစ်ခါတစ်လေပြုံးပြပါဦးလားလို့တောင်မေးယူရသည်။ အဲ့လိုမေးတိုင်းပြုံးပြမှုမရှိခဲ့လည်းဘာမှတော့မဖြစ်ပေမယ့် အရင်လို အပြုံးချိုချိုလေးတွေကိုပြန်မြင်ချင်မိတာတော့အမှန်။
"အဆင်သင့်ဖြစ်ရင်သွားကြရအောင် ဒရိုင်ဘာကားထဲရောက်နေပြီ..."
ပြင်ဆင်လို့ပြီးသွားပြီဖြစ်သည့် ဝမ်မင်ရီက သူ့ဇနီးနှင့် သားကို လှမ်းပြောလိုက်ပြီးနောက်သုံးယောက်သား ဧည့်ခန်းထဲမှထွက်လာကြသည်။
"အနောက်မှာ မင်းတို့သားအမိနှစ်ယောက်လွတ်လွတ်လပ်လပ်ထိုင်ကြ ငါအရှေ့သွားလိုက်မယ်..."
"ရှင်လည်း အနောက်မှာပဲလာထိုင်စမ်းပါ ကားဒီ လောက်ကျယ်တာ သုံးယောက်လုံးအေးဆေးထိုင်လို့ရပါတယ်...ရိပေါ်ကိုအလယ်မှာထားပြီး သားအမိသားအဖသုံးယောက်တူတူထိုင်ကြတာပေါ့..."